Wednesday, May 8, 2019

မင်းကင်းမြို့နယ် မဟာမြိုင်တောထဲတွင် အပူချိန်မြင့်မားပြီး ရေပြတ်လပ်မှုကြောင့် တိရစ္ဆာန်များကို သွားရောက် ရေတိုက်ကျွေး

Image may contain: outdoor and natureရာသီဥတု ပူပြင်းမှုကြောင့် မဟာမြိုင်တောတောင်ပေါ် နေရာများတွင် ရေပြတ်လပ်မှုရှိသော တိရစ္ဆန်များကို မေ ၃ ရက်က မင်းကင်းမြို့နယ် ကျောက်ပန်းကုန်းရွာမှ ဒေသခံများက ရေသွားရောက် တိုက်ကျွေးခဲ့ကြသည်ဟု သိရသည်။ “ကျွန်မတို့ မေ ၃ ရက်က သွားတာပါ။ ရွာနဲ့ မိုင် ၂၀ ၊ ၃၀ လောက်ဝေးတဲ့ မဟာမြိုင်တောထဲသွားပြီး ရေတိုက်တာပါ။ မြိုင်ထဲကို သွားတဲ့လမ်းမှာ ရေပြတ်တာပါ။ တောင်တွေပေါ်ဆိုတော့ ရေတအား ပြတ်တာလေ။ ရေတွင်းလည်း မရှိဘူး။ မိုးတွင်းလောက်ပဲ ရေရှိတာပါ။
အဓိကတော့ ပျားတွေပေါ့။ အရင်က ခရီးသွားကြတယ်ဆိုရင် လူကိုယ်ခန္ဓာကချွေးကို လာလာပြီး စုပ်ကြတာ။ ရေဆာတာနေမှာပေါ့။ အဲဒါကို ရေဆာတာနေမှာလို့ထင်ပြီး ကျွန်မတို့ အိမ်အနီးအနား ဝန်းကျင်က လူတွေ ရွာကလူတွေ စုပြီးသွားကြတာ။ ပျားတွေက ကိုက်တာက မကိုက်ဘူးရယ်။ ချွေးလာစုပ်ကြတာပါ။ ပျားတွေက အဲလိုလူတွေကို အဲလိုလာ လာလုပ်ကြတာ တွေ့ရလို့ ရေဆာတယ်ထင်လို့ သွားပြီးရေတိုက်တာပါ။ အခု အဲဒီတောင် ပေါ်တွေမှာက ပျားတွေ တော်တော်များများ ရှိသေးတယ်။ ပျားအုံတွေတောင် ရှိသေးပါတယ်” ဟု ကျောက်ပန်းကုန်းကျေးရွာမှ မချိုလေးခိုင်က ပြောကြားသည်။

ယခင်နှစ်များက ယခုကဲ့သို့ လုပ်ပေးခဲ့ခြင်းမရှိဘဲ ယခုနှစ်မှသာ နေအပူချိန်မြင့်မားခြင်း၊ မိုးခေါင်ခြင်းတို့ကြောင့် ကျောက်ပန်းကုန်းရွာမှ ဒေသခံများက မဟာမြိုင် တောတောင်ပေါ်များတွင် နေထိုင်သော တိရစ္ဆာန် ကလေးများကို ရေကုသိုလ် သွားရောက် တိုက်ကျွေးခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

“ရေကိုတော့ ကျွန်မတို့က ငါးဂါလန်၊ ခြောက်ဂါလန်ဝင် ပုံးပြာတွေနဲ့ ရေကိုသယ်သွားတယ်။ အိမ်မှာရှိတဲ့ ခွက်တွေ ပေါက်စလေးတွေ ရှိသမျှ တွေ့သမျှ ဟာလေးတွေ ကောက်ထည့်သွားတယ်။ အဲဒီထဲ ရေထည့်တိုက်တာ လာသောက်ကြတယ်။ ရေတိုက်ဖို့ မစောင့်ရပါဘူး။ ကျွန်တော်တို့ သွားတော့ ပုံမှန်အတိုင်း ရေဆာတော့ လူတွေရဲ့ ချွေးကိုစုပ်ဖို့ လာတာပေါ့။ လူပေါ်လာနားတာပေါ့။ ကျွန်မတို့က တောင်မြင့်တဲ့ နေရာတွေမှာ လေး၊ ငါးနေရာ ရွှေ့ပြီးတော့ ခွက်သေးသေးလေးတွေနဲ့ ထည့်တိုက်။ အိမ်ကပါလာတဲ့ ခွက်တွေက မလောက်တော့ ကျွန်မတို့က ပေါက်ပြားတွေယူသွားပြီး ကျင်းခွက်လေးတွေ ဖြစ်အောင်လုပ်ပြီး ဖက်ကလေးတွေနဲ့ ခံပြီးတော့ ထည့်ပေးတယ်။ အများကြီး ဆိုရင်လည်း ရေထဲကျပြီး သေတာကိုး။ ရေကလည်း ပိုတယ်ဆိုတော့ လဲနေတဲ့ သစ်ပင်အခြောက်တွေ အပေါ်ကို လောင်းထားခဲ့တယ်။ သစ်ရွက်တွေပေါ် ရေတွေလောင်းပေး ထားခဲ့တယ်။ အရင်နှစ်ကတော့ လုပ်မပေးပါဘူး။ နေအပူချိန် မမြင့်ဘူးရယ် တအားကြီး မိုးမခေါင်ဘူး။ ကျွန်မတို့ရွာက မင်းကင်းမြို့နယ် ကျောက်ပန်းကုန်းရွာက ကျွန်မတို့ရွာက မဟာမြိုင်လမ်း ဆိုတာကနေ အောင်ချမ်းသာ၊ သက်ကယ်ကျင်းဆိုတဲ့ ရွာတွေက ကားလမ်းရှိတယ်။ မဟာမြိုင် ကားလမ်းနဲ့ ကျွန်မတို့ရွာတွေ ကြားရှိတဲ့ တောင်တွေပေါ်မှာ ရေပြတ်တာပါ” ဟု မချိုလေးခိုင်က ပြောကြားသည်။

အဆိုပါ မဟာမြိုင်တောထဲတွင် အခြားတိရိစ္ဆာန်များပါ ရေပြတ်လပ်မှုဒဏ်ကို ကြုံတွေ့နေရပြီး ရေတိုက်သည့် ညပိုင်းတွေ မိုးရွာသွားသည့်အတွက် ဆက်လက် ရေတိုက်ကျွေးမှု မပြုလုပ်ခဲ့ကြဘဲ၊ ယခုအခါ ရာသီဥတုမှာ အပူချိန် ပြန်လည် မြင့်မားလာခဲ့သည့်အတွက် အခြေအနေကြည့်၍ တိရစ္ဆာန်များအား ရေသောက်သုံးနိုင်ရန် ဆက်လက် လုပ်ဆောင်သွားမည်ဟု သိရသည်။

“အဲဒီမှာပျားတွေတင် မဟုတ်ဘူး။ တခြားတိရစ္ဆာန်တွေရှိတယ်။ လိပ်ပြာတွေ၊ ရှဥ့်လေးတွေ၊ တောကြက်တွေ တွေ့ခဲ့တယ်။ အဲဒီအကောင်လေးတွေလည်း တွေ့ခဲ့တယ်။ ကျွန်မတို့က ဆန်တွေ၊ စပါးတွေပါ ယူသွားတယ်။ ရေတွေနဲ့ရောပြီး ကျွေးတဲ့ဟာကျွေး၊ ရေမပါဘဲ ပက်ထားခဲ့တာတွေလည်း လုပ်ထားခဲ့တာပေါ့” ဟု မချိုလေးခိုင်က ဆက်လက် ပြောကြားသည်။

No comments:

Post a Comment