Wednesday, May 8, 2019

သရုပ်ဆောင်နေခြည်ဦးနှင့် တွေ့ဆုံခြင်း

Beauty Blogger တစ်ဦးအဖြစ်စတင်လုပ်ဆောင်ခဲ့စဉ်ကပင် ပရိသတ်ချစ်ခင်အားပေးမှုများပြားစေခဲ့သည့် နေခြည်ဦးမှာ သရုပ်ဆောင်အဖြစ်စတင်ပါဝင်ခဲ့သည့် ရန်သူဇာတ်ကားဖြင့်လည်း ပရိသတ်အားပေးမှု ပိုမိုရရှိစေခဲ့သူဖြစ်သည်။ တက်ကြွရွှင်လန်းမှုများနှင့် ယုံကြည်မှုအပြည့်အဝရှိသည့် ဟန်ပန်ဖြင့် ပရိသတ်ကိုဆွဲဆောင်ထားနိုင်သူ သရုပ်ဆောင်နေခြည်ဦးသည် ခြောက်ကားမြောက် ရုပ်ရှင်ဇာတ်ကားအဖြစ် အကယ်ဒမီနေတိုးအပါအဝင် သရုပ်ဆောင်များစွာနှင့်တွဲဖက်ကာ ‘အခမ်းနားဆုံးမေတ္တာ’ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးလျက်ရှိသည်။ မကြာခင်ရုံတင်တော့မည့် ‘ဧည့်သည်’ ရုပ်ရှင်ဇာတ်ကားတွင်လည်း အချစ်ကြီးသူ မိန်းကလေးအဖြစ် ပါဝင်ထားသည့် သရုပ်ဆောင်နေခြည်ဦးနှင့်တွေ့ဆုံ၍ သိလိုသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

■မေး - ဧည့်သည်ရုပ်ရှင်ဇာတ်ကားလည်း ရုံတင်တော့မယ်ဆိုတော့ ဒီဇာတ်ကားနဲ့ပတ်သက်တဲ့ အမှတ်တရလေး အရင်ပြောပြပေးပါဦး။

■ဖြေ - ဧည့်သည်ဇာတ်ကားကရိုးမန့်စ်ဒရာမာပေါ့။ မရိုက်ခင်တုန်းကလည်း နေခြည်တို့ဇာတ်ကားမှာ ပါဝင်ကြတဲ့သူတွေကိုကြည့်ပြီး ပရိသတ် စိတ်ဝင်စားခဲ့တာပေါ့။ ရုံတင်တော့မယ်ဆိုတော့လည်း ပရိသတ်တွေ စိတ်ဝင်စားနေတာဖြစ်တဲ့အတွက် နေခြည်လည်း ရင်ခုန်ပါတယ်။ ဒီဇာတ်ကားလေးက ပရိသတ်တွေကြည့်ပြီးတဲ့အခါ ရင်ထဲမှာပြော စရာလေးတွေကျန်ခဲ့မယ့် ဇာတ်ကားမျိုးပါ။


■မေး - ဒီဇာတ်ကားမှာ သရုပ်ဆောင်ရတဲ့အခါ ညှိနှိုင်းတိုင်ပင်ရတာမျိုးတွေရှိခဲလား။

■ဖြေ - ရွှေမှုန်နဲ့ အတူတွဲဖက်သရုပ်ဆောင်ရတဲ့အခါ သူသရုပ်ဆောင်တာကိုနေခြည်က အရင်ကတည်းကလည်းကြိုက်တယ်။ သဘောကျတယ်၊ အပြင်မှာလည်းခင်မင်နေပြီးသားဆိုတော့ အရမ်းကြီးညှိရတာမျိုးတော့ မရှိပါဘူး။ တစ်ယောက်ချင်းက ပါဝင်ရတဲ့ ဇာတ်ရုပ်ပိုင်းကိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားရတာပါပဲ။

■မေး - အခုဆိုရင် နေခြည်ဇာတ်ကားတွေရိုက်လာဖြစ်တာ ခြောက်ကားရှိပြီဆိုတော့ ဘယ်လိုမတူကွဲပြားတဲ့ အတွေ့အကြုံတွေရပြီလို့ ဆိုရမလဲ။

■ဖြေ - နေခြည်သရုပ်ဆောင်အလုပ်စလုပ်တာ နှစ်နှစ်ပြည့်ပါတော့မယ်။ အခုရိုက်နေတဲ့ အခမ်းနားဆုံးအချစ်ဆိုတဲ့ဇာတ်ကားနဲ့ဆိုရင် ခြောက်ကားရှိပါပြီ။ နေခြည်က Beauty Blogger ကနေ သရုပ်ဆောင်ဘက်ကိုကူးလာတာဖြစ်တယ်။ နေခြည့်ကို Supporting ပေးတဲ့ ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေ၊ တွဲဖက်ရိုက်ကူးပေးတဲ့သရုပ်ဆောင်တွေ၊ ဇာတ်ကားရိုက်ကူးမှုမှာ ပါဝင်တဲ့အဖွဲ့ဝင်တွေ၊ လက်ခံအားပေးတဲ့ ပရိသတ်တွေရှိလို့သာ ဒီနေရာတစ်ခုကိုရောက်လာတယ်လို့ နေခြည်ခံစားရပါတယ်။ အဓိက main ကတော့ နေခြည်ရဲ့ Fan တွေကြောင့်ပါ။ သူတို့ကြောင့်လည်း အခုလိုရိုက်ကူးခွင့်တွေရလာတာပါ။ တစ်ကားနဲ့တစ်ကား မတူဘူးဆိုတာကတော့ နေခြည်က ဇာတ်ကားမရိုက်ခင် သေချာလေးရွေးဖြစ်တယ်။ နေခြည့်အတွက် ဝင်ငွေရပြီး တကယ်လုပ်ဖြစ်တဲ့အလုပ်က beauty blogger အလုပ်ပါ။ influencer လုပ်ရတာကိုလည်း အရမ်းကြိုက်တဲ့အတွက် အရမ်းကြိုးစားရသလို ဇာတ်ကားရိုက်ကူးမှုမှာလည်း ပါဝင်ခွင့်ရတဲ့ဇာတ်ကားတိုင်းမှာ ပရိသတ်တွေကို ကျေနပ်စေချင်တယ်။ ဒါကြောင့်လည်း သေချာရွေးချယ်ဖြစ်နေတာပါ။

■မေး - အခုရိုက်နေတဲ့ဇာတ်ကားမှာ ကိုနေတိုးနဲ့တွဲဖက်သရုပ်ဆောင်ရတယ်ဆိုတော့ အဲဒီအတွက် စိတ်ခံစားမှုကိုလည်း ပြောပြပါဦး။

■ဖြေ - ဒီဇာတ်ကားမှာ ကိုနေတိုးနဲ့ တွဲဖက်သရုပ်ဆောင်ရမယ်ဆိုတော့ ဟုတ်ရောဟုတ်ရဲ့လားပေါ့။ နေခြည်ကအသစ်ဆိုတော့ မလိုက်နိုင်တာမျိုးများဖြစ်မလား၊ သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်မလား စိတ်ပူတာရှိတယ်။ ကိုနေတိုးကို စွယ်စုံရမင်းသားတစ်ယောက်ဆိုပြီး respect အပြည့်ပေးထားတာဆိုတော့ အတူတွဲလုပ်ခွင့်ရတာအရမ်းပျော်တယ်။ ကိုယ်အရမ်းကြိုက်တဲ့ အရမ်းလေးစားရတဲ့မင်းသားနဲ့ တွဲဖက်သရုပ်ဆောင်ရမှာဆိုတော့ နည်းနည်းတော့ရှိန်တာပေါ့။ ကိုနေတိုးဆီကလည်း ပညာတွေအများကြီး လေ့လာသင်ယူခွင့်ရမယ်လို့ ထင်ပါတယ်။

■မေး - ဧည့်သည်ဇာတ်ကားမှာက ရွှေထူးတို့စုံတွဲနဲ့အတူ တွဲဖက်ရိုက်ကူးခဲ့ရတာဆိုတော့ အမှတ်တရတွေပိုရှိမှာပေါ့နော်။

■ဖြေ - အမှတ်တရတွေက ရှိတယ်။ နေခြည်ကရိုက်နေတုန်းကတော့မသိဘူး။ သူတို့ကလည်း အဲဒီကားရိုက်ရင်းနဲ့ ကြိုက်သွားတာလို့ပြောတာကို။ နည်းနည်းတော့ နေခြည်ရိပ်မိသလိုပဲ။ သေချာတော့မသိဘူး။ ဇာတ်ကားကလည်း main က သုံးယောက်ဆိုတော့ ဒီသုံးယောက်က အမြဲတွေ့နေရတာပေါ့။ ပြီးခါနီးတစ်ရက်မှာ Scene တစ်ခုရိုက်တော့ အဲဒီမှာနေခြည်က ရွှေထူးကို စောင့်နေတယ်။ သူကမလာဘူး။ နေခြည်က ငိုနေတာပေါ့။ ပြီးတော့မှ သူကရောက်လာတယ်။ ပြီးတော့ သူကပြောလိုက်တယ်။ ဆောရီးကိုယ်နောက်ကျသွားတယ် သဲဆိုပြီး ပြောလိုက်တာပေါ့နော်။ အဲဒီဇာတ်ဝင်ခန်းမှာ နေခြည်ကလည်း သဲမဟုတ်ဘူးလေ။ ရီဟာဇယ်လုပ်ရင်း ပြောလိုက်တာပေါ့။ နင်ဘယ်သူ့ကို သဲခေါ်တာလဲဆိုတော့ ဆောရီးဆောရီးမှားသွားလို့ဆိုပြီး ပြန်ပြောတယ်။ ကိုယ်ကတော့အော်ရှေ့မှာ သူရွှေမှုန်နဲ့ရိုက်ထားတော့ မှားခေါ်မိတယ်ပေါ့။ နောက်မှ သူဒါကြောင့် မှားခေါ်မိတာကိုးဆိုပြီး ပြန်စဉ်းစားမိတာမျိုးပေါ့။ အဲဒါလေးတွေက အမှတ်တရပါ။

■မေး - အချစ်နဲ့ပတ်သက်ရင် နေခြည်ကလည်း ချစ်တတ်တဲ့သူတစ်ယောက်ဆိုတော့ အချစ်နဲ့ပတ်သက်လို့ ဘယ်လိုခံယူထားလဲ။

■ဖြေ - နေခြည်ကတော့ အသက်လည်း ၂၈ လောက်ဖြစ်ပြီ။ ကိုယ်သွားတဲ့ဘဝမှာ အချစ်ကို အရမ်းကြီးရိုပြတာမျိုးတော့ မလုပ်နိုင်ဘူး။ ဒါပေမဲ့ Personal Life အနေနဲ့တော့ အချိန်ပေးတယ်။ ခရီးတွေဘာတွေ အမြဲသွားတယ်။ မိဘတွေကတော့ မကြိုက်ဘူး။ ကိုယ့်ချစ်သူအတွက်တော့ အချိန်ပေးဖြစ်ပါတယ်။

■မေး - ရှေ့မှာရုံတင်ခဲ့တဲ့ ဇာတ်ကားတုန်းကလည်း ပရိသတ်တွေနဲ့ ဇာတ်ကားအတူကြည့်တဲ့ အစီအစဉ်လုပ်ခဲ့တာဆိုတော့ ဒီတစ်ခေါက်ရော အစီအစဉ်ရှိသေးလား။

■ဖြေ - နေခြည်ပရိသတ်တွေက နေခြည်နဲ့ အတူကြည့်ချင်တယ်ဆိုရင်တော့ နေခြည်လုပ်ပေးရမှာပေါ့။

■မေး - ကိုယ်ရိုက်ချင်တဲ့ဇာတ်ကားပုံစံမျိုးရော သီးခြားရှိသေးလား။

■ဖြေ - သရဲကားရိုက်ချင်တယ်။ နေခြည်က သရဲကားအရမ်းကြောက်တတ်တာ။ မဟူရာရုပ်ရှင်ရုံတုန်းကလည်းနေခြည်ပြီးခါနီးမှာ သူငယ်ချင်းကစောပြန်မယ်ဆိုတော့ တစ်ယောက်တည်း ဆက်မကြည့်ရဲတာနဲ့ပြန်လိုက်ရတယ်။ ကိုယ့်ကိုယ်ကိုယ် Challenge ခေါ်တဲ့ အနေနဲ့ သရဲကားရိုက်ချင်ပါတယ်။ သရဲကားကျတော့ mood ဝင်ဖို့ကလည်း ပိုအရေးကြီးတယ်။ စကားပြောနည်းပြီး အမူအရာနဲ့ပြရတာမျိုးဆိုတော့လေ။ စိတ်ကိုသရုပ်ဆောင်ပြရတာမျိုးလည်းဖြစ်တယ်။ လူသတ်ကားလိုမျိုးတွေလည်း ရိုက်ချင်ပါတယ်။

■မေး - နောက်ထပ်ရုံတင်မယ့် ဇာတ်ကားတွေနဲ့ပတ်သက်လို့လည်း အကြိုသတင်းပေးပါဦး။

■ဖြေ - မေလကုန်ကျရင် ဧည့်သည်ဇာတ်ကားလေးရုံတင်မယ်။ ပြီးတော့ ထပ်ရိုက်ထားတဲ့ အောက်ဖဲမလှန်ကြေးတို့၊ ပုရိသတို့ ဇာတ်ကားတွေလည်းရှိပါတယ်။

No comments:

Post a Comment