Wednesday, May 8, 2019

စစ်မှန်သော တိုင်းပြုပြည်ပြုပုဂ္ဂိုလ်

စစ်မှန်သော တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တစ်ဦးသည် အာဏာရှင်မဟုတ်ပေ။ လွတ်လပ်သောပြည်သူများ၏ လွတ်လပ်သော ခေါင်းဆောင်တစ်ဦးဟုဆိုနိုင်ပြီး အရည်အသွေးလေးရပ်ကို ပိုင်ဆိုင်သူဖြစ်သည်။မူဝါဒသဘောတရား အခြေခံခိုင်မာခြင်း - တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တစ်ဦးသည် ခိုင်မာသော၊ အပြောင်းအလဲမရှိသော၊ အခြေခံကျသော အမှန်တရားများ၏ အခြေခံအုတ်မြစ် တစ်ရပ်ပေါ်၌ သူ၏ပလက်ဖောင်းကို တည်ဆောက်သူဖြစ်သည်။ ယင်းတို့သည် အဓိက မဏ္ဍဍိုင်အဖြစ်သူ ယုံကြည်သောအရာများနှင့် သူ့အပေါ် လွှမ်းမိုးကြီးစိုးသော အတွေးအခေါ်များဖြစ်သည်။
မုန်တိုင်းသည် အိမ်ကို ကိုင်လှုပ်နိုင်သော်လည်း အခြေခံအုတ်မြစ်ကား ခိုင်မာစွာ ကျန်ရစ်မြဲဖြစ်သကဲ့သို့ အချိန်နှင့်အမျှ အတိုက်အခံများနှင့် စိန်ခေါ်မှုများ ပေါ်ပေါက်လာနိုင်သော်လည်း သူ၏ မူဝါဒသဘောတရားအခြေခံမှာ ခိုင်မာမြဲသာဖြစ်ရသည်။ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တစ်ဦးသည် သူ၏မူဝါဒများကို ပေါက်မြောက်အောင်မြင်အောင် ပြုလုပ်ရာ၌ သူ၏ နည်းလမ်းများကိုလည်းကောင်း၊ သူ၏ မူဝါဒနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကိုလည်းကောင်း ပြောင်းလဲကောင်း ပြောင်းလဲနိုင်သော်လည်း ယင်းရေတိုနည်းဗျူဟာများကို သူ၏ ရေရှည်မူဝါဒသဘောတရားများအတွက်သာ ရည်ရွယ်သည်။ကိုယ်ကျင့်တရားရေချိန် - ခေတ်သစ်နိုင်ငံရေးသမားတစ်ဦးသည် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် လင်းနို့က ပဲ့တင်သံကို အကြောင်းပြုပျံသန်းသကဲ့သို့ ပြုလုပ်တတ်သည်။ လူထု၏ စိတ်အနေအထားပေါ်မူတည်လျက် မီးစင်ကြည့်ကတတ်သည်။ လူထုအကြိုက် မိမိကိုယ်မိမိ ပုံသွင်းပြလျက် လူထုအကြိုက် စကားများကို ပြောတတ်သည်။ သို့သော်     တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တစ်ဦးသည် လူထုအကြိုက်လိုက်သူ မဟုတ်ပေ။ စစ်မှန်သော တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တစ်ဦး၏ ဆုံးဖြတ်ချက်များသည် သူ၏ ကိုယ်ပိုင်ကိုယ်ကျင့်တရား ရေချိန်များအတိုင်းသာ လိုက်နာသည်။ သူသည် ရေလိုက်ငါးလိုက်သမားတစ်ဦးမဟုတ်ဘဲ အကြွင်းမဲ့အမှန်တရားများအပေါ် အခြေပြုသူသာဖြစ်သည်။ သူ၏ ကိုယ်ကျင့်တရားရေချိန်သည်လည်း  မည်သည့်အရာသည် လုံးဝမှန်ကန်ပြီး မည်သည့်အရာသည် လုံးဝမှားယွင်းသည်ဟူသည့် ဓမ္မ-အဓမ္မတရားအပေါ်၌သာ အခြေခံသည်။ သူ၏ ကိုယ်ကျင့်တရားရေချိန်အရ မှားယွင်းသည်ဟု သတ်မှတ်သည့်အရာတိုင်းကို သူအာဏာရှိစဉ်အတွင်း တိုက်ဖျက် သွားမည်ဖြစ်ပြီး မှန်ကန်သည်ဟု သတ်မှတ်သည့် အရာတိုင်းကို ထိန်းသိမ်းရန်နှင့် မြှင့်တင်ရန်အတွက် အတိုက်အခံပြုမှုမှန်သမျှကို ကျော်လွှားသွားမည်သာဖြစ်သည်။ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်တစ်ဦးသည် သမာဓိနှင့် ပြည့်စုံသူဖြစ်ပြီး အမှန်တရားကိုသာ ပြောဆိုသည်။အမြော်အမြင်ရှိခြင်း - တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တစ်ဦးသည် သူ၏နိုင်ငံနှင့်ပတ်သက်၍ လည်းကောင်း၊ သူ့လူထုအတွက် ဖြစ်လာနိုင်သည့် အလားအလာများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းသောအမြင် ရှိသူဖြစ်သည်။ နိုင်ငံအတွက် မည်သည့်အရာများကို ရယူရမည်ဟူသည်ကိုလည်းကောင်း၊ ပြည်သူလူထုကို ပို့ဆောင်ပေးလိုသည့် နေရာကိုသော်လည်းကောင်း ကောင်းစွာသိရှိသူဖြစ်သည်။ ရှေ့သို့ ကြို၍မြင်နိုင်ခြင်းသည် တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်တစ်ဦးအတွက် အရေးအကြီးဆုံး အရည်အသွေးတစ်ရပ်ဖြစ်သည်။ မိမိနိုင်ငံ၏ ပြဿနာရပ်များကို ကောင်းစွာသိမြင်နိုင်စွမ်းရှိပြီး ရေတိုအတွက်သာမက ရေရှည်အတွက်ပါ ကောင်းမွန်သည့် ဖြေရှင်းမှုများကို စဉ်းစားနိုင်သူဖြစ်သည်။မိမိအမြင်အတိုင်း အောင်မြင်အောင်ပြုလုပ်ရာ၌ အများသဘောတူမှုကို တည်ဆောက်နိုင်ခြင်း - အများသဘောတူညီမှုရအောင် တည်ဆောက်ခြင်းနှင့်ပတ်သက်၍ တိုင်းပြုပြည် ပြုပုဂ္ဂိုလ်တစ်ဦး၏ အောင်မြင်မှုမှာ သူ့အတွေးအခေါ်၏ သင့်လျော်ကောင်းမွန်မှုကို သူ၏နိုင်ငံသားများ ယုံကြည်အားကိုးလာအောင် ပြုလုပ်နိုင်စွမ်းပေါ်၌ မူတည်နေသည်။ ပြည်သူတို့၏ ယုံကြည်ကိုးစားမှုကို ရရှိလာရန်အတွက် သူသည် မိမိကို အထင်ကြီးလာအောင် ကြော်ငြာခြင်းများနှင့် လူထုကို စည်းရုံးသိမ်းသွင်းခြင်းတို့အား အသုံးပြုခြင်းမရှိပေ။ ယင်းကဲ့သို့ ကြော်ငြာခြင်းနှင့် ဝါဒဖြန့်ချိခြင်းသည် အာဏာရှင်တို့၏ နည်းလမ်းသာဖြစ်သည်။ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်၏ပါဝါမှာ အရေးအသား သို့မဟုတ် အပြောအဆိုပြုရာ စကားလုံးများသာ ဖြစ်သည်။ သူသည် အသိဉာဏ်ရှိသော၊ ခွန်အားရှိသော၊ ကျိုးကြောင်းဆီလျော်မှု ကောင်းမွန်သော အဆိုပြုချက်များဖြင့် လူထုကို ရှင်းပြသူဖြစ်၍ သမိုင်း၏ သင်ခန်းစာပေါင်းများစွာနှင့် ကြီးမြတ်သည့် စာအုပ်ပေါင်းများစွာတို့ကို လေ့လာထားသူဖြစ်သည်။မည်သို့ပင်ဆိုစေ၊ မြန်မာနိုင်ငံကဲ့သို့သော ဒီမိုကရေစီတည်ဆောက်စ နိုင်ငံတစ်နိုင်ငံ အနေဖြင့် စစ်မှန်သော တိုင်းပြုပြည်ပြုပုဂ္ဂိုလ်မျိုး အမှန်တကယ် လိုအပ်သည်သာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

No comments:

Post a Comment