Wednesday, May 8, 2019

အာဂျင်တီးနားရှိ ကက်သလစ်ဘုန်းကြီးများ၏အနိုင်ကျင့်မှုကို အရေးယူပေးရန် ပုပ်ရဟန်းမင်းအား တောင်းဆို

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ မွေးရပ်ဖြစ်သည့် အာဂျင်တီးနား၌ ကက်သလစ်ဘုန်းကြီးများက ကလေးငယ်များအပေါ် လိင်ပိုင်းအနိုင်ကျင့်ခဲ့သည့်ဖြစ်ရပ်နှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ပေးရန် နိုင်ငံတကာနှင့် အာဂျင်တီးနားလှုပ်ရှားသူများက မေ ၆ ရက်တွင် တောင်းဆိုခဲ့သည်။ မန်ဒိုဇာခရိုင်ရှိ ပရိုဗိုလိုအင်စတီကျု၌ ဘုန်းကြီးတစ်စုသည် ကလေး ၂၀ ဦးခန့်ကို လိင်ပိုင်းအနိုင်ကျင့်ခဲ့ကြောင်း ဥပဒေအရာရှိများကပြောဆိုခဲ့သည်။



ကျူးလွန်သူများနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုခဲ့သည်မှာ နှစ်နှစ်ရှိခဲ့ပြီဖြစ်သော်လည်း ဥပဒေကြောင်းအရ ထူးခြားမှုရှိမလာသေးကြောင်း အာဂျင်တီးနားရှိ အနိုင်ကျင့်မှုမရှိသော ဘုရားကျောင်း အမည်ရှိ အဖွဲ့၊ဘုန်းကြီးများ၏အနိုင်ကျင့်မှုအဆုံးသတ် အမည်ရှိ အဖွဲ့နှင့် ဂိုဏ်းအုပ်များတာဝန်ယူရေးအမည်ရှိ အဖွဲ့များက ပြောဆိုခဲ့သည်။

ယင်းအဖွဲ့များသည် မေ ၆ ရက်တွင် အနိုင်ကျင့်ခံခဲ့ရသူများနှင့် တွေ့ဆုံခဲ့သည်။ပရိုဗိုလိုအင်စတီကျု၌ ဘုန်းကြီး နီကိုလာ ကော်ရာဒီ၊ ဘုန်းကြီး ဟိုရေးလျှိုး ကော်ဘာချိုနှင့် အခြားအမျိုးသားသုံးဦးတို့၏အနိုင်ကျင့်ခံခဲ့ရကြောင်း ကလေး ၂၀ ဦးခန့်ကပြောဆိုခဲ့သည်။

အီတလီရှိ ယင်းအင်စတီကျုခွဲတစ်ခုမှ ကျောင်းသား ဒါဇင်ပေါင်းများစွာကလည်း အလားတူအနိုင်ကျင့်ခံခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ကော်ရာဒီနှင့် ကော်ဘာချိုတို့သည် အာဂျင်တီးနား၌ ကြားနာစစ်ဆေးခံရဦးမည်ဖြစ်သော်လည်း တရားရေးဖြစ်စဉ်နှေးကွေးလွန်းနေကြောင်း လှုပ်ရှားသူများကပြောဆိုခဲ့သည်။

ပုပ်ရဟန်းမင်းဖရန်စစ်သည် အနိုင်ကျင့်မှုများနှင့်ပတ်သက်၍ ပွင့်လင်းစွာဝေဖန်ပြောဆိုမှုမရှိခြင်းနှင့် အပြစ်ကျူးလွန်သူများ ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံလာရေး မလုပ်ဆောင်ခြင်းတို့အတွက် အနိုင်ကျင့်ခံရသူများအား ကိုယ်တိုင်ကိုယ်ကျတောင်းပန်ရန် လိုအပ်နေကြောင်း ဂိုဏ်းအုပ်များတာဝန်ခံလာရေးအဖွဲ့မှ အန်း ဘားရက်ဒွိုင်ကပြောဆိုခဲ့သည်။

ကနဦးကြားနာစစ်ဆေးမှု ၁၁ ခုကိုပြုလုပ်ခဲ့ပြီးဖြစ်ကာ တရားစွဲဆိုခံထားရသူများပြားလွန်းခြင်းနှင့် အထောက်အထားများစွာကို သုံးသပ်နေရခြင်းတို့ကြောင့် အချိန်ကြာမြင့်နေရခြင်းဖြစ်ကြောင်း မန်ဒိုဇာဥပဒေအရာရှိရုံးက ထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment