Wednesday, May 8, 2019

အစ္စတန်ဘူလ်မြို့တော်ဝန် ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် ရွေးကောက်ပွဲကောင်စီဆုံးဖြတ်

အတိုက်အခံများအနိုင်ရရှိခဲ့သောအစ္စတန်ဘူလ်မြို့တော်ဝန် ရွေးကောက်ပွဲသည် တရားမျှတခြင်းမရှိဟု တူရကီရွေးကောက်ပွဲကောင်စီကဆုံးဖြတ်ကာအသစ်ပြန်လည်ကျင်းပရန် ညွှန်ကြားလိုက်သည်။ သမ္မတရီဆပ်တေရစ် အာဒိုဂန်၏ ပါတီကရွေးကောက်ပွဲမူမမှန်သဖြင့် ပြန်ကျင်းပပေးရန် လျှောက်ထားမှုကိုကောင်စီကအသိအမှတ်ပြုခဲ့ခြင်းလည်း ဖြစ်သည်။



မတ် ၃၁ က ကျင်းပခဲ့သော မြို့တော်ဝန် ရွေးကောက်ပွဲတွင် အတိုက်အခံရီပတ်ဘလိကန် ပြည်သူ့ပါတီမှ အာရမ် အီမာမိုဂလူကအာဏာရပါတီကိုယ်စားလှယ် ဝန်ကြီးချုပ်ဟောင်းဘီနာလီရီဒင်ရင်ကိုမဲအနည်းငယ်ဖြင့် အသာစီးအနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

သမ္မတအာဒိုဂန်၏ တရားမျှတမှုနှင့် ဖွံ့ဖြိုးရေးပါတီကရွေးကောက်ပွဲအတွင်းမူမမှန်မှုများစွာတွေ့ရသဖြင့် ရလဒ်ကိုလက်မခံနိုင်ကြောင်းရွေးကောက်ပွဲကောင်စီသို့ တိုင်ကြားခဲ့သည်။

မဲရုံများတွင် မဲရုံမှူးများသည် အစိုးရဝန်ထမ်းသာ ဖြစ်ရမည်ဟူသောသတ်မှတ်ချက်ကိုအချို့သောမဲရုံများဖောက်ဖျက်ခဲ့သည်ကိုတွေ့ရကြောင်းရွေးကောက်ပွဲကောင်စီကထုတ် ပြန်ထားသည်။

မြို့တော်ဝန် ရွေးကောက်ပွဲသစ်ကိုဇွန် ၂၃ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။အစ္စတန်ဘူလ်မြို့သည် လူဦးရေ ၁၅ သန်းရှိကာဥရောပနှင့်အာရှတို့ကို ခွ၍ တည်ရှိသောမြို့လည်းဖြစ်ပြီး ၂၀၁၇ ခုနှစ် တစ်နိုင်ငံလုံးဂျီဒီပီ ၈၅၁ ဘီလျံ၏ ၃၁ ရာခိုင်နှုန်းသည် အစ္စတန်ဘူလ်မှ ရရှိခြင်းဖြစ်သည်။

ယဉ်ကျေးမှုအမွေအနှစ် ပေါများသောမြို့ဖြစ်သောကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလည်း ဖြစ်ထွန်းသောမြို့ဖြစ်သည်။

အစ္စတန်ဘူလ် အစိုးရသည် ပြီးခဲ့သည့်နှစ်ကဘတ်ဂျက် ဒေါ်လာ ၈ ဒသမ ၈ ဘီလျံအသုံးပြုခဲ့သည်။ ပြီးခဲ့သည့်နှစ်ပိုင်းများတောက်လျှောက် စည်ပင်လုပ်ငန်းများကိုအာဏာရအစိုးရနှင့် နီးစပ်သည့် လုပ်ငန်းများကိုချထားပေးခဲ့ကြောင်းလည်း တွေ့ရသည်။

No comments:

Post a Comment