Wednesday, May 8, 2019

ဆီးဂိမ်းတွင် ရွှေတံဆိပ်ရရှိသော ကစားသမားအား ကျပ်သိန်း ၃၀၀ နှင့် အသင်းလိုက်ဆုကြေးများ ချီးမြှင့်မည်

လာမည့်ဆီးဂိမ်းတွင် ရွှေတံဆိပ်ရရှိသော ကစားသမားများအား တစ်ဦးလျှင် ကျပ်သိန်း(၃၀၀)နှင့် အသင်းလိုက် ဆုကြေးများလည်းရရှိမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ပြောသည်။ မေလ (၆) ရက်က အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)တွင် ကျင်းပသော မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် ၀န်ကြီးဌာန၏ အစည်း အဝေးတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။



“ကျွန်တော်တို့ လာမယ့်ဆီးဂိမ်းမှာ ရွှေတံဆိပ်ရရှိတဲ့ ကစားသမားတစ်ဦးကို ကျပ်သိန်း(၃၀၀)၊ ငွေတံဆိပ်ကို ၂၀၀၊ ကြေးတံဆိပ် ရရှိပါက ကျပ်သိန်း(၁၀၀) ချီးမြင့်ပေးဖို့လည်း ရှိပါတယ်၊ နောက်ပြီး အသင်းလိုက် ရွှေတံဆိပ်ကို ကျပ်သိန်း ၁၀၀ အသင်းလိုက် ငွေတံဆိပ်ကို ကျပ်သိန်း ၇၀ နဲ့ ကြေးတံဆိပ်ရရှိပါက ကျပ်သိန်း ၅၀ စသဖြင့် အသီးသီးချီးမြင့်ပေးဖို့လည်း ရှိပါတယ်”ဟု ဦးမျိုးလှိုင်က ပြောသည်။

သက်ဆိုင်ရာ နည်းပြဆရာ ဆရာမများကိုလည်း လစာနှစ်ဆတိုးပေးရန်ရှိပြီး ကစားသမားများကို လစဉ်ထောက်ပံ့ရေးစရိတ်များနှင့် ကျွေးမွေးစရိတ်များကိုလည်း တိုးမြှင့်သွားရန်ရှိကြောင်း သိရသည်။

ဆီးဂိမ်းပြိုင်ပွဲကို လာမည့်ဒီဇင်ဘာလတွင် ဖီလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသွားမည်ဖြစ်ပြီး အားကစားနည်း ၄၁ မျိုးပါ ၀င်မည်ဖြစ်ကာ မြန်မာအားကစားအဖွဲ့မှ အားကစားနည်း ၃၁ မျိုး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မလေးရှားဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့အနေဖြင့် အဆင့်(၇)နေရာတွင်သာ ရပ်တည်ခဲ့ပြီး နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံး စံချိန်လည်း ဖြစ်ခဲ့သည်။

No comments:

Post a Comment