Wednesday, May 8, 2019

ပြီးခဲ့သည့်ဘဏ္ဍာနှစ်များတွင် မြန်မာနိုင်ငံ၌ ကျောက်စိမ်းတန်ချိန် သုံးသောင်းကျော် ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ခြောက်လအတွင်း ကျောက်စိမ်းတန်ချိန် ၁၆၀၀၀ ကျော် ထုတ်လုပ်ထား

ပြီးခဲ့သည့် ဘဏ္ဍာနှစ်များတွင် မြန်မာနိုင်ငံအနေဖြင့် ကျောက်စိမ်းတန်ချိန် သုံးသောင်းကျော်ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ခြောက်လအတွင်း ကျောက်စိမ်းတန်ချိန် ၁၆၀၀၀ ကျော်အထိထုတ်လုပ်နိုင်ခဲ့ကြောင်း မေလ ၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ၂၀၁၈ ခုနှစ်ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွင်း မြန်မာ နိုင်ငံအနေဖြင့် ကျောက်စိမ်းတန်ချိန် ၁၆၃၉၇ တန် အထိထုတ်လုပ်ထားကြောင်း ဖော်ပြထားသည်။



မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျောက်စိမ်းတန်ချိန် ၃၀,၆၇၈ တန်အထိ ထုတ်လုပ်ထားနိုင်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘ ဏ္ဍာနှစ်တွင် ကျောက်စိမ်း တန်ချိန် ၃၄,၆၅၅ တန်အထိ ထုတ်လုပ်ထားနိုင်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ မတ်လ ၁ ရက်အထိ ငါးလကျော်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှု မှ အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၄၉ သန်း သာရရှိထားပြီး ယခင်နှစ်ကာလတူတွင်မှု အမေရိကန်ဒေါ်လာ ၅၄၇ ဒသမ ၁၅၃ သန်းအထိ တင်ပို့ထားသဖြင့် လက်ရှိဘဏ္ဍာနှစ် ငါးလကျော်တွင် အမေရိကန်ဒေါ်လာ ၅၄၇ သန်းခန့်အထိ လျော့နေကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြပွဲတွင် ရောင်းရငွေတန်ဖိုးအပေါ် သတ်မှတ်ကောက်ခံမည့် အခွန်နှုန်းထားများမှာ အထူးကုန်စည်ခွန်အနေဖြင့် ကျောက်စိမ်းအရိုင်းများအတွက် ၁၅ ရာခိုင်နှုန်း၊ ကျောက်မျက်အရိုင်းများအတွက် ၁၀ ရာခိုင်နှုန်း ကျောက်မျက်လက်ဝတ်ရတနာအချော ထည်များအတွက် သုံးရာခိုင်နှုန်းနှင့် အချောထည်များအတွက် တစ်ရာခိုင်နှုန်းကောက်ခံသွားမည် ဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် မတ်လအထိ သတ္တု၊ ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲထုတ်လုပ်မှုတို့မှ စုစုပေါင်းထုတ်လုပ်မှု တန်ဖိုးကျပ် ၇၃၉ ဒသမ ၀၈၆ ဘီလျံကျော်လျာထားပြီး စုစုပေါင်းတန်ဖိုး ကျပ် ၁၀၂၇ ဒသမ ၇၇၄ ဘီလျံကျော်အထိ ရရှိခဲ့သည့်အတွက် တန်ဖိုးကျပ် ၂၈၈ ဒသမ ၆၈၇ ဘီလျံကျော်ပိုမိုရရှိခဲ့ခြင်းကြောင်း သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်ပြီး နိုင်ငံပိုင်သတင်းစာ၌ ရှင်းလင်းပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ခဲ့သည့် မြန်မာ့သတ္တုတွင်း နည်းဥပဒေအရ ပြည်ထောင်စုက ဓာတ်သတ္တုအကြီးစားနှင့် အလတ်စားခွင့်ပြုမိန့်ချထားပေးခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများက ဓာတ်သတ္တုအသေးစားနှင့် အလတ်စားခွင့်ပြုမိန့်များကို စိစစ်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၆ ရက်က စတင်ပြီး လုပ်ကွက်အသစ်လျှောက်ထားသူများကို ပြည်ထောင်စုနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပြန်လည်လက်ခံစိစစ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စတင်လက်ခံခဲ့သည့်အချိန်က စတင်ကာ လက်ရှိအချိန်အထိ ကိုးလအတွင်း အဆိုပြုလွှာ ၁၃၆၉ ခုကို ကနဦးစစ်ဆေးခဲ့ရာ ယင်းအဆိုပြုလွှာ ၁၃၆၉ ခုအနက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံ သဘောထားတောင်းခံခဲ့သည့် အဆိုပြုလွှာ ၁၄၄ ခုရှိပြီး သဘောထားပြန်ကြားချက်ရရှိထားသည့် အဆိုပြုလွှာ ရှစ်ခုသာရှိကြောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။

No comments:

Post a Comment