Wednesday, May 8, 2019

အစ္စတန်ဘူမြို့တော်ဝန်ရွေးကောက်ပွဲကို ပြန်ကျင်းပရန် တူရကီရွေးကောက်ဘုတ်အဖွဲ့က ဆုံးဖြတ်

အစ္စတန်ဘူမြို့တော်ဝန် ရွေးကောက်ပွဲကို ပြန်ကျင်းပရန် တူရကီရွေးကောက်ပွဲ ဘုတ်အဖွဲ့က မေ ၆ ရက်တွင် အမိန့်ထုတ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ၌ ဖော်ပြခဲ့သည်။ အစ္စတန်ဘူရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့မှုအတွက် သမ္မတ ရီဆပ်တေရစ်အာဒိုဂန်၏ပါတီက မကျေမနပ်တိုင်ကြားခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော အဓိကအတိုက်အခံ ရီပက်ဘလီကင်ပြည်သူ့ပါတီ (CHP) မှ အက်ခရမ်အီမာမိုဂလူက ဖောက်ပြန်သော ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်ဟု ပြောကြားပြီး ဆက်လက်ရင်ဆိုင်သွားမည်ဟု ကတိပြုခဲ့သည်။



“ကျွန်တော်တို့နိုင်ခဲ့တဲ့ ရွေးကောက်ပွဲကို သူတို့က ပြန်လုဖို့ ကြိုးပမ်းနေကြတယ်” ဟု အီမာမိုဂလိုက ထိုဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက် အစ္စတန်ဘူဆင်ခြေဖုံးတွင် ပြုလုပ်ခဲ့သော လူထုစုဝေးပွဲကြီးအတွင်း ထောင်နှင့်ချီသော ထောက်ခံသူများကို ပြောကြားခဲ့သည်။ အီမာမိုဂလူသည် မတ် ၃၁ ရက်က ကျင်းပခဲ့သည့် ဒေသတွင်းရွေးကောက်ပွဲများတွင် တူရကီ၏အကြီးဆုံးမြို့ကို ထိန်းချုပ်ခွင့် ရရှိရန် အာဏာရ Justice and Development Party (AKP) ကိုယ်စားလှယ်လောင်းကို ပွတ်ကာသီကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ကိုယ်တိုင် အစ္စတန်ဘူမြို့တော်ဝန် ဟောင်းဖြစ်ခဲ့သည့် သမ္မတအာဒိုဂန်အတွက်မူ ယခုဖြစ်စဉ်သည် ရှားရှားပါးပါး အရှုံးဖြစ်သည်။ အစ္စတန်ဘူမြို့သည် AKP ပါတီ၏ အုပ်ချုပ်မှုအောက်တွင်ရှိနေသည်မှာ ၂၅ နှစ် တိုင်တိုင်ရှိပြီဖြစ်သည်။ ထိုစဉ် AKP သည် ယခုရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်မခံဘဲ မမှန်ကန်မှုများ၊ ခြစားမှုများရှိနေသည်ဟု စွပ်စွဲခဲ့သည်။

အီမာမိုဂလိုသည် မဲ ၁၃,ဝ၀ဝ အကွာဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သော်လည်း သီတင်းနှစ်ပတ်ကြာ မဲရေတွက်ပြီး ဧပြီလတွင်မှ ရလဒ်ကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ စကားကို နူးနူးညံ့ညံ့ ပြောဆိုတတ်သည့် ခရိုင်မြို့တော်ဝန်ဟောင်းဖြစ်သော အီမာမိုဂလူသည် နိုင်ငံရေးကွဲလွဲမှုများကို ရင်ကြားစေ့မည်ဟု ကတိပြုထားသူဖြစ်သည်။

လူဦးရေ ၁၆ သန်းနေထိုင်သော အစ္စတန်ဘူသည် တူရကီနိုင်ငံ၏ စီးပွားရေး အင်ဂျင်တစ်ခုသဖွယ်ဖြစ်နေပြီး အစိုးရအသုံး စရိတ်အဓိကအတော်များများကို ချုပ်ကိုင်ထားခြင်း ဖြစ်သည်။ အာဒိုဂန်ကမူ အစ္စတန်ဘူကို နိုင်ခြင်းသည် တစ်နိုင်ငံလုံးတွင် အနိုင်ရခြင်းနှင့် ညီမျှသည်ဟု တစ်ချိန်က ပြောကြားခဲ့ဖူးသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ AKP ပါတီသည် မြို့တော်အင်ကာရာတွင်ပါ အရှုံးနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး နိုင်ငံ၏ ယိုယွင်းလာသော စီးပွားရေးအခြေအနေအပေါ် စိုးရိမ်မှုများကျယ်ပြန့်လာခြင်း၏ ထင်ဟပ်မှုတစ်ခုဟု ယူဆရသည်။

လက်ရှိတွင် အတိုက်အခံပါတီ AKP  သည် ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်ထွက်လာပြီးနောက် အရေးပေါ်အစည်းအဝေးကျင်းပရန် လုပ်ဆောင်နေကြသည်။ “ဘာပြောလို့ပြောရမှန်းတောင် မသိတော့ပါဘူး။ တရားဥပဒေစိုးမိုးမှုမရှိတာ သိပ်ကိုသိသာလွန်းပါတယ်။ တကယ်လို့ ဥပဒေစိုးမိုးမှု မရှိရင် ပြည်တွင်းစစ်ဖြစ်လာနိုင်ပါတယ်” ဟု အီမာမိုဂလူအား ထောက်ခံသူတစ်ဦးက ပြောကြားခဲ့သည်။

မြို့တော်ဝန်ရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဘင်နာလီယာဒီယမ်က ရွေးကောက်ပွဲပြန်ပြိုင်ခြင်းသည် မြို့အတွက် အကျိုးဖြစ်ထွန်းစေလိမ့်မည်ဟု ပြောခဲ့သည်။   

No comments:

Post a Comment