Wednesday, May 8, 2019

ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်တွင် ဒေသခံများ၏ အကြံပြုချက်များကို ထည့်သွင်းရေးဆွဲသွားမည်

ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတစ်နေရာကို တှရေ့စဉျထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်တွင် ဒေသခံများ၏ အကြံပြုချက်များကို ထည့်သွင်းရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် မေ ၃ ရက်က ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် (မူကြမ်း)အား ဟုမ္မလင်းမြို့နယ်အတွင်းရှိ အကျိုးဆက်စပ်သူများကို ချပြခြင်းနှင့် အကြံပြုချက်ရယူခြင်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ထိုဆွေးနွေးပွဲတွင် ထမံသီဘေးမဲ့တောအနီးရှိဒေသခံများမှ တက်ရောက်ကာ အကြံပြုဆွေးနွေးခဲ့ကြပြီး ထိုအကြံပြုချက်များကိုထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်တွင် ထည့်သွင်းရေးဆွဲသွားမည်ဖြစ်ကြောင်း ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်၏ ပြောကြားချက်အရ သိရသည်။


“အခုလက်ရှိလုပ်ဆောင်နေတဲ့ အနေအထားကနေ ပိုမိုကောင်းမွန်တဲ့အနေအထား ရောက်ရှိဖို့အတွက် နောင်ငါးနှစ်တွေမှာ ရှေ့ ဆက်လုပ်ရမယ့်လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်။ အကြောင်းအရာကိစ္စတိုင်းမှာ ဒေသခံနဲ့ ပူးပေါင်းဆောင်ရွက်ရမယ် ဒေသခံတွေကို အသိပေးတိုင်ပင်ရမယ်ဆိုတဲ့အချက်က လေးတွေ့မိပါတယ်။ ကျွန်တော်တို့ရဲ့ထမံသီ ဘေးမဲ့တောအုပ်ချုပ်လုပ်ကိုင်မှု စီမံချက်အောင်မြင်ဖို့အတွက်၊ ရေရှည်ထိန်းသိမ်းနိုင်ဖို့ အကောင်အထည်ဖော်ရာမှာ ဒေသခံပြည်သူတွေက အခရာဖြစ်တယ်ဆိုတာကို ဌာနဆိုင်ရာ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် ရေးဆွဲတဲ့အဖွဲ့ကလည်း ဒါတွေကို အလေးအနက်ထည့်သွင်း ရေးဆွဲသွားမှာ ဖြစ်ပါတယ်။ အုပ်ချုပ်လုပ်ကိုင် မှုစီမံချက်ဆိုတာ ဟိုအရင်ကဆိုရင် ဌာနဆိုင်ရာအကြီးအကဲတွေက အခြေအနေအကြောင်းအမျိုးမျိုးကြောင့် စားပွဲခုံတွေပေါ်မှာ တင်ပြီးသွားခဲ့တာ တွေ့ရပါတယ်။ ယနေ့အချိန်မှာတော့ ကျွန်တော်တို့ ထမံသီဘေးမဲ့တောအနေနဲ့တော့ WCS  ကပံ့ပိုးမှုတွေလည်း ရှိတော့ ထမံသီဘေးမဲ့တောပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ အကြံဉာဏ်တွေနဲ့ ဌာနဆိုင်ရာတွေရဲ့ အကြံဉာဏ်တွေကို ရယူပါတယ်။ သူတို့တွေရဲ့ အကြံပြုချက်တွေ ပါတဲ့အတွက် လုံးဝပြီးပြည့်စုံတဲ့ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်စာအုပ်ထွက်လာမယ်လို့ ယုံကြည်ပါတယ်။ အခုဆွေးနွေးပွဲမှာ ထွက်ရှိလာတဲ့အကြံ ဉာဏ်တွေကိုတစ်ခုမှ ထိန်ချန်ထားမှာ မဟုတ်ပါဘူး။ သဘာဝဝန်းကျင်နဲ့ သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ်အထိ သယ်ဆောင်သွားမှာပါ” ဟု ဦးဝင်းလှိုင်က ပြောကြားသည်။ ထိုဆွေးနွေးပွဲတွင် ဌာနဆိုင်ရာများနှင့် ထမံသီဘေးမဲ့တောနှင့် ဆက်စပ်နေသည့် ကျေးရွာများမှဒေသခံများ တက်ရောက်ခဲ့ကြပြီး ထမံသီဘေးမဲ့တောအတွင်းရှိ ဆေးဖက်ဝင် အပင်များ၊ ရှားပါးမျိုးစိတ်တိရစ္ဆာန်များနှင့် သစ်တောနှင့်ပတ်သက်သည့် သုတေသနလုပ် ငန်းစဉ်များ ပိုမိုပြုလုပ်ပေးရန်၊ ခေတ်မီစက် ကိရိယာများအသုံးပြုပြီး စာရင်းအင်းများ ကောက်ယူမှတ်တမ်းတင်ရန် ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ တရားဥပဒေစိုးမိုးရေးနှင့်ကင်းလှည့်လုပ်ငန်းတွင် ဝန်ထမ်းများက ဒေသခံများနှင့် ပူးပေါင်းရန်၊ ထမံသီဘေးမဲ့တော ဝန်ထမ်းအင်အားထပ်မံတိုးချဲ့ပေးရန် လိုအပ်လျှင် လက်နက်တပ်ဆင်ပေးရန်၊ ဝန်ထမ်းနှင့်ဒေသခံများပူးပေါင်းပြီး ချိန်းဆော တားမြစ်အရေးယူပေးရန်၊ သစ်တောစည်းမျဉ်း၊ နယ်နိမိတ်ဖော်ပြသည့် ဆိုင်းဘုတ်များကို ထင်ရှားစွာစိုက်ထူပေးရန်၊ ငါးရှော့တိုက်ခြင်းကို ထိရောက်စွာတားမြစ်လုပ်ဆောင်ပေးရန်၊ ကျေးရွာများသို့ လက်တွေ့ကွင်းဆင်း၍ ပညာပေးလုပ်ငန်းများ ပိုမိုစည်းရုံးလုပ်ဆောင်ပေးရန်၊ ဘေးမဲ့တောဝန်ထမ်းများခန့်ထားလျှင် ဒေသခံများဦးစား ပေးခန့်ထားရန်၊ ဘေးမဲ့တောအနီးတွင် စီမံကိန်းအကောင်အထည်ဖော်ရန်ရှိလာပါက ဒေသခံများကို အသိပေးပြီး ဒေသခံများ၏ သဘောတူညီမှုရယူရန် စသည့်အချက်များကို ဆွေးနွေးအကြံပြုခဲ့ကြသည်။ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ သဘာဝနယ်မြေလေးခုတွင် တစ်ခုအပါအဝင်ဖြစ်သည့်အပြင် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော နေရာတစ်ခုလည်းဖြစ်ပြီး လက်ရှိတွင် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခံနိုင်ရန်လျှောက်ထားသည့် နေရာတစ်ခုလည်း ဖြစ်သည်။

No comments:

Post a Comment