Wednesday, May 22, 2019

နီပေါ တောင်တက်လမ်းပြတစ်ဦး ဧဝရက်တောင်ထိပ်သို့ (၂၄)ကြိမ်တက်ရောက်ပြီး စံချိန်သစ်တင်

နီပေါ တောင်တက်လမ်းပြ (ရှာပါ)ကာမီရီတာ (၄၉)နှစ်သည် ဧဝရက်တောင်ထိပ်သို့ (၂၃)ကြိမ်မြောက် တက်ရောက်နိုင်ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်က စံချိန်သစ်တင်ခဲ့သော် လည်း မေလ ၂၁ ရက်က (၂၄) ကြိမ်မြောက် တက်ရောက်ကာ ၎င်း၏ စံချိန်ဟောင်းကို ထပ်မံချိုးဖျက်ခဲ့သည်။ ရီတာသည် တစ်ပတ်အ တွင်း ဧဝရက်တောင်ထိပ်သို့ နှစ်ကြိမ် တက်ရောက်နိုင်ခြင်းဖြစ် သည်။



‘‘ဒါက သမိုင်းဝင်ပါ။ သူဟာအိန္ဒိယ ရဲတပ်ဖွဲ့အသင်းတစ်သင်း ကို လမ်းညွှန်ပေးရင်းနဲ့ အင်္ဂါနေ့ နံနက်က ဧဝရက်တောင်ထိပ်ပေါ် ရောက်သွားပြီး စံချိန်သစ်ထပ်တင် ခဲ့ပါတယ်’’ဟု Seven Summitတောင်တက်ခရီးသွား အေဂျင်စီ က ပြောသည်။

၈,၈၄၈ မီတာမြင့်သော ဧဝရက်တောင်ထိပ်သို့ ၁၉၉၄ ကပထမဆုံးအကြိမ် ရောက်ရှိပြီး နောက် ရီတာသည် ရှာပါသက် တမ်း (၂၅)နှစ်အတွင်း ပါကစ္စတန် နိုင်ငံရှိ ကမ္ဘာ့ဒုတိယအမြင့် ဆုံး K2 တောင်ထိပ်အပါအဝင် မီတာ ၈,၀၀၀ မြင့်သော ထောင်ထိပ်ငါး ခုပေါ်သို့ (၃၅) ကြိမ် ခြေချနိုင်ခဲ့ သည်။

၎င်းသည် ပြီးခဲ့သည့်နှစ်က ဧဝရက်တောင်ထိပ်သို့ (၂၂) ကြိမ်မြောက်တက်ရောက်ပြီး ရှာပါနှစ် ဦး ပူးတွဲပိုင်ဆိုင်ထားသော (၂၁) ကြိမ် စံချိန်ကို ချိုးဖျက်ခဲ့သည်။

ပူးတွဲစံချိန်ပိုင်ရှင် ရှာပါနှစ် ဦးစလုံးသည် ယခုအခါ တောင်တက်လမ်းပြအဖြစ်မှ အနားယူ သွားပြီဖြစ်သည်။

‘‘ကျွန်တော်က ကမ္ဘာ့စံချိန် တွေအတွက် တောင်တက်နေတာ မဟုတ်ပါဘူး။ ကျွန်တော့်အလုပ်  ကျွန်တော် လုပ်ရုံသက်သက်ပါ။ ကျွန်တော် အလွန်ပျော်ရွှင်ပြီး ဂုဏ်ယူမိပါတယ်’’ဟု (၂၃) ကြိမ်မြောက် တက်ရောက်နိုင်ပြီး နောက် ရီတာက ပြောကြားသည်။

၁၉၅၃ က အဒ်မန့်ဒ်ဟီလာ ရီနှင့် တန်ဇိုင်နော်ဂေးတို့ ဧဝရက်တောင်ထိပ်သို့ ပထမဆုံးအကြိမ် ခြေချနိုင်ပြီးနောက် တောင်တက်လုပ်ငန်းသည် အကျိုးအမြတ်များ သော စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာသည်။

ယခုနှစ် နွေဦးပေါက် တောင်တက်ရာသီတွင် နီပေါအစိုးရက တောင်တက်သမား ၃၈၁ ဦးကို ဧဝရက်တောင်ပေါ်သို့ တက် ရောက်ခွင့် စံချိန်တင်ခွင့်ပြုထား ပြီး တစ်ဦးစီလျှင် ဒေါ်လာ ၁၁,၀၀၀ကုန်ကျသည်။

သို့သော် ယခုတောင်တက်ရာသီအတွင်း ပြည်ပတောင်တက် သမားခြောက်ဦး သေဆုံးပြီး နှစ်ဦးပျောက်ဆုံးခဲ့သည်။

No comments:

Post a Comment