Wednesday, June 12, 2019

ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအတွက် လိုအပ်သည့်ဥပဒေနှင့် စည်းမျဉ်းစည်းကမ်း မူဘောင်များ ရေးဆွဲချမှတ်ရာတွင် ဘဏ္ဍဍာရန်ပုံငွေနှင့် ဝန်ထမ်းအင်အား စသည့်လိုအပ်ချက်များကြောင့် အခက်အခဲများ ကြုံတွေ့ခဲ့ရ

ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအတွက် လိုအပ်သည့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ မူဘောင်များ ရေးဆွဲချမှတ် ဆောင်ရွက်ရာတွင် သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိခဲ့သော်လည်း ဘဏ္ဍဍာရန်ပုံငွေနှင့် ဝန်ထမ်းအင်အား စသည့်လိုအပ်ချက်များကြောင့် အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းက ပြောကြားသည်။ ဇွန် ၁၁ ရက်က နေပြည်တော်ရှိ Hilton ဟိုတယ်၌ပြုလုပ်သည့် ကမ္ဘာ့ဘဏ်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပ ပြုလုပ်မည့် Myanmar Country Environment Analysis Launching Ceremony အခမ်းအနား အဖွင့်မိန့်ခွန်း ပြောကြားရာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။



“ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) ဆောင်ရွက်ခြင်းဟာ ကြီးမားတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းများရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို သတ်မှတ်ဖော်ထုတ်ပြီး စီမံခန့်ခွဲနိုင်ဖို့အတွက် အရေးပါပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုရေး စုပေါင်းပါဝင်မှု တို့ကိုလည်း ဟန်ချက်ညီစေပါတယ်။ ဒါကြောင့် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အနေနဲ့ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအတွက် လိုအပ်တဲ့ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ မူဘောင်တွေကို ရေးဆွဲချမှတ် ဆောင်ရွက်ခဲ့ရာမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရရှိခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ သို့သော်လည်း သင့်တော်တဲ့ နည်းပညာစွမ်းရည်၊ ပစ္စည်းကိရိယာ၊ ဘဏ္ဍဍာရန်ပုံငွေနဲ့ ဝန်ထမ်းအင်အား စတဲ့လိုအပ်ချက်တွေကြောင့် ဖိအားနဲ့ အခက်အခဲများစွာကို တွေ့ကြုံခဲ့ရပါတယ်။ ဒါ့အပြင် ဆန်းစစ်မှု အစီရင်ခံစာတွေ အချိန်တိုအတွင်း စုပြုံရောက်ရှိလာမှု၊ ဆန်းစစ်မှုတွေကို ဆောင်ရွက်နိုင်တဲ့ ပြည်တွင်းက ကျွမ်းကျင်ပုဂ္ဂိုလ် အကန့်အသတ်ရှိနေမှု၊ တင်ပြလာတဲ့ အစီရင်ခံစာတွေရဲ့ အရည်အသွေး အားနည်းမှုစတဲ့ စိန်ခေါ်မှုတွေကလည်း ဖိအားတွေဖြစ်စေပြီး ဒါတွေကို ဖြေရှင်းဖို့ နည်းလမ်းပေါင်းစုံနဲ့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။


မြန်မာနိုင်ငံသည် သဘာဝသယံဇာတ ပေါများကြွယ်ဝပြီး ကမ္ဘာ့ဇီဝမျိုးစုံ မျိုးကွဲများ အစုံလင်ဆုံး တွေ့ရှိနိုင်သည့် နေရာတစ်ခု ဖြစ်ခြင်းကြောင့် တိုင်းပြည်သယံဇာတများအား ရေရှည်တည်တံ့စေမည့် နည်းလမ်းများနှင့် စီမံခန့်ခွဲရန်အတွက် အရေးကြီးကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ဘက်ပေါင်းစုံမှ တွေ့ကြုံရမည့် စိန်ခေါ်မှု ပြဿနာများကို ဖြေရှင်းရာတွင် ယခုပြုလုပ်တင်ပြမည့် ဆန်းစစ်လေ့လာချက်များသည် အထောက်အကူ ဖြစ်စေနိုင်မည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက “ဒီအစီရင်ခံစာမှာ ဥပဒေကြောင်းအရ၊ အဖွဲ့အစည်းပိုင်းဆိုင်ရာ အခြေအနေများအရ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေ စိန်ခေါ်မှုတွေကို ရှာဖွေဖော်ထုတ် ထားပါတယ်။ ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်း၊ လူမှုရေးအရ ပါဝင်ခွင့်ရှိခြင်း၊ ပူးပေါင်းပါဝင်ခြင်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအမြင်နဲ့ ကြည့်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ကြွယ်ဝလှတဲ့ သစ်တော၊ သားငါး အစရှိတဲ့ သဘာဝ သယံဇာတတွေကို ရေရှည်တည်တံ့အောင် စီမံဆောင်ရွက်တဲ့ နေရာမှာ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ၊ သယံဇာတတွေ တရားမဝင် ထုတ်ယူတာကို တားဆီးကာကွယ်ဖို့အတွက် ပိုမိုထိရောက်တဲ့ ဥပဒေစိုးမိုးမှုတွေ၊ သက်ဆိုင်ရာ ဆက်စပ်ပတ်သက်သူ အားလုံးရဲ့ အမူအကျင့်ဆိုင်ရာ ပြောင်းလဲမှုတွေ၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် တည်ဆောက်မှုတွေ၊ ဘဏ္ဍဍာရန်ပုံငွေ တိုးမြှင့်ချထားမှုတွေနဲ့ အချက်အလက်တွေ ကောက်ယူပြီး ဆန်းစစ်လေ့လာမှုတွေ ပိုမိုတိုးတက်ကောင်းမွန်စေဖို့ အရေးတကြီး လိုအပ်နေတယ် ဆိုတာကို ဖော်ထုတ်တင်ပြ ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ 

No comments:

Post a Comment