Wednesday, June 12, 2019

ငါးတန်မွေးမြူ ရေးစီမံကိန်းအတွက် ရှယ်ယာတစ်စုလျှင် ကျပ် တစ်သောင်းနှုန်းဖြင့် ရောင်းချမည်

Global Earth Public Co.Ltd မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ငါးတန်မွေးမြူ ရေးစီမံကိန်းအတွက် အစုရှယ်ယာဖိတ်ခေါ်ရာတွင် ရှယ်ယာတစ်စုလျှင် ကျပ် တစ်သောင်း နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါ အစုရှယ်ယာအား အနည်းဆုံး အစုရှယ်ယာပေါင်း ၁၀၀ ကို တန်ဖိုးကျပ် ၁၀ သိန်းဝန်းကျင်ခန့် ဝယ်ယူရမည် ဖြစ်သည်။



“အဲ့ဒါကို မှတ်ပုံတင်ပြီးတဲ့အခါမှ ကျွန်မတို့က အစုရှယ်ယာကို ဖွင့်ပြီးရောင်းလို့ရမယ်။ အဲ့လိုဖွင့်တဲ့ နေရာမှာ ကျွန်မတို့ အစုရှယ်ယာပေါင်း ၅ သန်းရောင်းမှာပါ။ ရှယ်ယာတစ်စုကို ကျပ်တစ်သောင်း ဖြစ်ပါတယ်။ အနည်းဆုံး အစု ၁၀၀ ဆိုရင် ကျပ် ၁၀ သိန်းဖိုး ဝယ်ရပါမယ် ။ ကျပ် ၁၀ သိန်းဖိုးဆိုရင် တစ်စု ရပါမယ်” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ အကြီးတန်းဒုတိယက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။

ယင်းကဲ့သို့ အစုရှယ်ယာရောင်းချခြင်းကို မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်ကြီးကြပ်ရေးကော်မရှင်ထံသို့ ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း တင်ပြရမည် ဖြစ်သောကြောင့် ယင်းကော်မရှင်၏ ထောက်ခံချက်ဖြင့် DICA တွင် မှတ်ပုံတင်ပြီးမှသာ အစုရှယ်ယာများ ပြန်လည် ဖိတ်ခေါ်သွားမည်ဟုဆိုသည်။

Global Earth Public Co.Ltd သည် ယခင်က ဇွန်လအတွင်း ရှယ်ယာတစ်စုလျှင် ကျပ်သိန်း တစ်ထောင် ဖြင့် အစုရှယ်ယာပေါင်း ၁၀၀ ကို ဖိတ်ခေါ်သွားမည်ဟု ကြေညာထားသော်လည်း ကုမ္ပဏီ၏ အလားအလာ ညွှန်းတမ်း ရေးဆွဲတင်ပြရခြင်း မရှိသေးသဖြင့် ယင်းလုပ်ငန်းစဉ်များပြီးမှသာ အစုရှယ်ယာဖိတ်ခေါ်မည် ဖြစ်ကြောင်း သိရသည်။

“ဒါက ၃ လ၊ ၄ လလောက် ကြာမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီ process က ချက်ချင်းမပြီးပါဘူး။ အလားအလာညွှန်တမ်း ရေးဆွဲ ရတာကလည်း တစ်လခွဲလောက်ကြာတယ်။ ပြီးရင် ငွေချေးသက်သေခံ လက်မှတ်ကြီးကြပ်ရေးကော်မရှင်ကို သွားတင်ရတယ်။ သူတို့ စိစစ်တာလည်း ကြာတယ်။ အဲ့ဒါပြီးမှ DICA ကနေ မှတ်ပုံတင်ပြီးမှသာ ဒီ process က အစုရှယ်ယာ ခေါ်လို့ရပါတယ်။ လူတိုင်း အစု ၁၀၀ ဝယ်ရင် တစ်စု ရပါမယ်။”ဟု ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။

ငါးမွေးမြူရေးလုပ်ကိုင်ရာတွင် Global Earth ကုမ္ပဏီမှ ချမှတ်ထားသော စည်းမျဉ်းအတိုင်း ဆောင်ရွက်ရမည် ဖြစ်ပြီး မွေးမြူရေးစနစ်၊ အစာကျွေးနည်းစနစ်နှင့် ရေအရည်အသွေး မည်ကဲ့သို့ စစ်ဆေးရမည်ကိုလည်း နည်းပညာ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် မွေးမြူရေးလုပ်ကိုင်ရာတွင် ရှယ်ယာရှင်များ ထည့်ဝင်ထားသော ရှယ်ယာပမာဏ လုံလောက်မှု မရှိ၍ ငွေကြေးလိုအပ်မှုရှိပါက အစာသော်လည်းကောင်း၊ ဘဏ်ချေးငွေကိုသော်လည်းကောင်း Global Earth အများပိုင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငါးတန်မွေးမြူ ရေးစီမံကိန်းကို ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ မြေဧက ၉၀၀ ကျော်တွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ယင်းစီမံကိန်းနှင့်အတူ အစာစက်ရုံများ၊ အအေးခန်းစက်ရုံများကိုလည်း တွဲဖက်လုပ်ဆောင်သွားမည်ဖြစ်ပြီး စီမံကိန်းတစ်ခုလုံးအတွက် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကို ကနဦး ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။

ငါးတန်မွေးမြူ ရေးစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်မည့် မြေနေရာအား သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ရှိ ၊မရှိကို MIC အဖွဲ့ ကိုယ်စား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် အပါအဝင် တာဝန်ရှိသူများမှ လာရောက်စစ်ဆေး၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ဥက္ကဋ္ဌသို့ အစီရင်ခံတင်ပြခဲ့ပြီး ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် ခွင့်ပြုချက် ရရှိထားပြီးဖြစ်သည်။

No comments:

Post a Comment