Wednesday, June 12, 2019

ချောက်မြို့မရဲစခန်းရှိ အချုပ်သားများကိုစည်းရုံးပြီး ဆေးလိပ်နှင့်ကွမ်းယာဖြတ်ပေး

ချောက်မြို့မ ရဲစခန်းအချုပ်ခန်းအတွင်းရှိ အချုပ်သားများကို စည်းရုံးခြင်းစနစ်ဖြင့် ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းယာစားခြင်းကို ဖြတ်ပေးနေကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။ စခန်းမှူး၏လမ်းညွှန်ချက်ဖြင့် အချုပ်ခန်းစည်းကမ်းအတိုင်း ဆေးလိပ်၊ ကွမ်းယာ သယ်ယူခြင်း တားမြစ်ချက်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ယင်းသို့တားမြစ်ခြင်းထက် ၎င်းတို့အနေနှင့် မူးယစ်ဆေးပြတ်တောက်စေရန် စည်းရုံးပြီး လွန်ခဲ့သည့်နှစ်ပတ်ကျော်က ဖြတ်ခိုင်းခြင်းသာဖြစ်ကြောင်း ယင်းရဲစခန်းမှ ရဲမေ ဒုရဲအုပ်မေဖြိုးကိုက ပြောကြားသည်။



“ကျွန်မ တာဝန်မှူးကျတဲ့နေ့ဆိုရင် သူတို့ကို အချုပ်သားလို မထားဘူး။ ကိုယ့်ညီအစ်ကိုမောင်နှမတွေလို သဘောထားတယ်။ ကျန်းမာရေး မကောင်းရင်ပြော။ လိုတာရှိရင် ဘောင်အတွင်းက လုပ်ပေးတယ်။ သူတို့က တစ်ခုပြီးတစ်ခု တင်ပြတယ်။ အဲဒါဆိုရင် ဒီထဲနေတဲ့အတောအတွင်းမှာ ဆေးလိပ်၊ ကွမ်းယာဖြတ်။ သူတို့က ဆရာမ စိတ်ချမ်းသာအောင် ကျွန်တော်တို့တွေ ဖြတ်ပေးမယ်။ ဘာဆောင်ရွက်ပေးမှာလဲ မေးတယ်။ ပီကေဝယ်ကျွေး။ ပီကေတော့ ဝယ်မကျွေးဘူး။ အဲဒါဆိုရင် ချိုချဉ်ဝယ်ကျွေးမယ်ဆိုပြီး ချိုချဉ်ဝယ်ကျွေးတာ။ အများကြီး စားခွင့်ပြုမထားဘူး။ ကျန်းမာရေး ထိခိုက်မှာစိုးလို့။ ပေးထားတဲ့ ချိုချဉ်ကုန်ရင်ပြော ဘယ်သူ့ဆီမှမတောင်းနဲ့ ကျွန်မ ဝယ်ကျွေးမယ်၊ ထပ်ဝယ်ပေးမယ် ပြောထားတယ်”ဟု ၎င်းကရှင်းပြသည်။

ယင်းစခန်းတွင် ရဲမေဒုရဲအုပ်မေဖြိုးကို တာဝန်မှူးကျသောနေ့များတွင် အချုပ်သားများက နံနက် ၅ နာရီတွင် ဘုရားရှိခိုးခြင်း၊ နံနက် ၈ နာရီတွင် တန်းစီးခြင်းလုပ်ငန်းတို့ကို ခိုင်းစရာမလိုဘဲ အချုပ်သားများက အလိုက်သိဆောင်ရွက်ပြီး ဒုရဲအုပ်မေဖြိုးကိုသည်လည်း စည်းရုံးမှုကောင်းမွန်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဌေးဝင်းက မှတ်ချက်ပေးသည်။

ယင်းမြို့မရဲစခန်းတွင် အချုပ်ကျခံနေရသော အသက် ၁၈ နှစ်အထက် အချုပ်သား ၁၄ ဦးမှ ၁၁ ဦးသည် ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းယာစားခြင်း နှစ်မျိုးလုံး သုံးစွဲသူဖြစ်ကြောင်းနှင့် ကျန် ၃ ဦးမှာ ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းယာစားခြင်း တစ်မျိုးစီသာ သုံးစွဲသူတို့ဖြစ်ကြောင်း ယင်းစခန်းထံမှ သိရသည်။

No comments:

Post a Comment