Wednesday, June 12, 2019

အသတ်ခံရသော မြောက်ကိုရီးယားခေါင်းဆောင်၏ အစ်ကိုသည် စီအိုင်အေ သတင်းပေးဖြစ်နေ

မြောက်ကိုရီးယားခေါင်းဆောင်နှင့် ဖအေတူမအေကွဲ အစ်ကိုတော်စပ်ပြီး ၂၀၁၇ ခုနှစ်က မလေးရှားနိုင်ငံတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူ ကင်ဂျုံနန်သည် စီအိုင်အေ ထောက်လှမ်းရေးဌာန၏ သတင်းပေးဖြစ်သည်ဟု Wall Street Journal က တနင်္လာနေ့တွင် ရေးသားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ ကင်ဂျုံနန်နှင့် စီအိုင်အေအကြားမှ ဆက်ဆံရေး အသေးစိတ်ကိစ္စများကို ရှင်းလင်းစွာမသိရသေးဟု WSJ ဂျာနယ်က အမည်မဖော်သော ရင်းမြစ်ကို ကိုးကားဖော်ပြခဲ့သည်။



ထိုသတင်းကို စီအိုင်အေက မှတ်ချက်ပေးရန် ငြင်းဆန်ထားပြီး ရိုက်တာအနေနှင့်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကင်ဂျုံနန်နှင့် စီအိုင်အေအကြား ဆက်စပ်နေသော အကန့်များရှိသည်ဟု ထိုကိစ္စနှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောကြားကြောင်း WSJ ဂျာနယ်က ဖော်ပြထားသည်။

ပြည်ပတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ပြုံယမ်းတွင် အာဏာခြေကုပ်မရှိသူ ကင်ဂျုံနန်သည် မြောက်ကိုရီးယား၏ အတွင်းရေးများကို သတင်းပေးနိုင်မည့် အလားအလာမရှိဟု အမေရိကန် တာဝန်ရှိသူ အများစုက မှတ်ချက်ပေးကြောင်း ဂျာနယ်က ရေးသားထားသည်။

ကင်ဂျုံနန်သည် တရုတ်ကဲ့သို့သော နိုင်ငံများ၏ ထောက်လှမ်းရေးအဖွဲ့များနှင့်သာ ဆက်စပ်မှုရှိနိုင်သည်ဟု အမေရိကန်အရာရှိဟောင်းများက ပြောကြားသည်။

ကင်ဂျုံနန် စီအိုင်အေသတင်းပေး ဖြစ်နိုင်သည်ဆိုသောအချက်ကို ဝါရှင်တန်ပို့စ်သတင်းထောက် ဖစ်ဖီက လက်ရှိခေါင်းဆောင် ကင်ဂျုံအန်းအကြောင်း Great Successor ဟူသော ခေါင်းစဉ်ဖြင့် အင်္ဂါနေ့တွင် ထုတ်ဝေမည့်စာအုပ်တွင် ရေးသားထားသည်။

ကင်ဂျုံနန်သည် ၎င်း၏ အဆက်အသွယ်များနှင့် မလေးရှား၊ စင်ကာပူနိုင်ငံများတွင် အခါအားလျော်စွာ တွေ့ဆုံခဲ့သည်ဟု ဖစ်ဖီက ဆိုသည်။ ကင်၏ နောက်ဆုံး မလေးရှားခရီးစဉ် စီစီတီဗီ မှတ်တမ်းများတွင် ဟိုတယ်ဓာတ်လှေကားအတွင်း၌ စီအိုင်အေအေးဂျင့်ဟုဆိုသော အာရှတိုက်သားတစ်ဦးနှင့်အတူ တွေ့ရှိခဲ့ရပြီး သေဆုံးချိန်က ကျောပိုးအိတ်ထဲတွင်လည်း သတင်းပေးခ သို့မဟုတ် ကာစီနိုလုပ်ငန်းများမှ ရငွေဟု ယူဆရသော ဒေါ်လာ ၁၂၀,ဝ၀၀ ခန့်ကို တွေ့ရှိရသည်ဟု ဖစ်ဖီက ရေးသားထားသည်။

တောင်ကိုရီးယားနှင့် အမေရိကန် တာဝန်ရှိသူများကမူ ကင်ဂျုံနန်ကို လုပ်ကြံရန် မြောက်ကိုရီးယားအာဏာပိုင်များက အမိန့်ပေးခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ကင်ဂျုံနန်အား ကွာလာလမ်ပူ လေဆိပ်၌ လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်ခဲ့သော အင်ဒိုနီးရှား အမျိုးသမီး ဆီတီအစ္စရာကို မတ်လနှင့် ဗီယက်နမ် အမျိုးသမီး ဒိုသီဟောင်ကို မေလတွင် မလေးရှားအာဏာပိုင်များက ပြန်လွှတ်ပေးခဲ့သည်။

ကင်ဂျုံနန်သည် ၂၀၁၇ ဖေဖော်ဝါရီလက မလေးရှားတွင် စီအိုင်အေအဆက်အသွယ်နှင့် တွေ့ဆုံခဲ့သော်လည်း အဓိက လာရင်းကိစ္စ ဟုတ်ပုံမရကြောင်း WSJ ဂျာနယ်က ရေးသားဖော်ပြသည်။

No comments:

Post a Comment