Wednesday, June 12, 2019

မန်ယူသို့ နည်းပြ ဂျိုင်းဆီ ရောက်ရှိလာဖွယ်ရှိနေခြင်းကြောင့် မန်ယူတွင် ပေါ့ဂ်ဘာ ဆက်ရှိနေရန် မျှော်လင့်နိုင်ဖွယ်ရှိနေ

မန်ယူအသင်း၏ နည်းပြတစ်ဦးဖြစ်သူ ၀ါရန်ဂျိုင်းဆီသည် မန်ယူအသင်းသို့ တစ်ကျော့ပြန်ရောက်ရှိလာဖွယ်ရှိနေ ပြီး ဂျိုင်းဆီအနေဖြင့် မန်ယူအသင်း ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာအား အသင်းမှ ထွက်ခွာမသွားစေ ရန် တားဆီးနိုင်ဖွယ်ရှိကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။



အသက် ၅၄ နှစ်အရွယ်ရှိ နည်းပြ ဂျိုင်းဆီသည် လွန်ခဲ့သည့် သီတင်းပတ် သုံးပတ်က မန်ယူ ယူ-၂၃ အသင်း မန်နေဂျာရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် ရစ်ကီဆာဘရာဂီယာ၏နေရာတွင် အစားထိုးခန့်အပ်ခံရဖွယ်ရှိနေ ခြင်းဖြစ်သည်။ ၂၀၀၈ ခုနှစ်အတွင်းတွင် လက်ရှိ မန်ယူအသင်းမန်နေဂျာ အိုလေဂန်နာဆိုးလ်ရှားနှင့် တွဲဖက်၍ မန်ယူအရန်အသင်းမန်နေဂျာအဖြစ် တာဝန်ယူခဲ့ဖူးသူ ဂျိုင်းဆီသည် ၂၀၀၉ ခုနှစ်တွင် ပြင်သစ် ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာအား လီဟာဗေးလူငယ်အသင်းမှ မန်ယူလူငယ်အသင်းသို့ ခေါ်ယူရေးတွင် ကူညီခဲ့သူတစ်ဦးဖြစ်ပြီး ပေါ့ဂ်ဘာ၏ လေးစားမှုကိုလည်း ရရှိထားသူဖြစ်သည်။

မန်ယူအသင်းကွင်းလယ်ကစားသမား ပေါ့ဂ်ဘာအား ဂျူဗင်တပ်နှင့် ရီးရဲမက်ဒရစ်အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေကာ ပေါ့ဂ်ဘာအနေဖြင့်လည်း ယခုနွေရာသီကစားသမားအပြောင်းအရွှေ့ဈေးကွက်ကာလ အတွင်းတွင် မန်ယူအသင်းမှ ထွက်ခွာရန် ဆန္ဒရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

မန်ယူအသင်းမန်နေဂျာ ဆိုးလ်ရှားအနေဖြင့် ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာအား မန်ယူအသင်းတွင်သာ ဆက်ရှိနေစေရန် လိုလားနေပြီး ပေါ့ဂ်ဘာနှင့် နည်းပြ ဂျိုင်းဆီတို့အကြား နွေးထွေးသည့် ဆက်ဆံရေး တည်ရှိ နေခြင်းကြောင့် ဂျိုင်းဆီသည် ပေါ့ဂ်ဘာအား မန်ယူအသင်းတွင်သာ ဆက်ကစားရန် ဖျောင်းဖျနိုင်လိမ့်မည်ဟု ယူဆမှုများ ထွက်ပေါ်နေခြင်းဖြစ်သည်။

မန်ယူအသင်းတွင် နည်းပြတစ်ဦးအဖြစ် ၁၂ နှစ်ကြာ လုပ်ကိုင်ခဲ့သူ ဂျိုင်းဆီသည် ဂျေစီလင်ဂတ်၊ မားကပ်စ် ရက်ခ်ျဖို့ဒ်၊ မီချဲလ်ကိန်း၊ ဒန်နီဝဲလ်ဘတ်စသည့် ကစားသမားများအား တိုးတက်လာစေရန် ကူညီပေးနိုင်ခဲ့သူ တစ်ဦးအဖြစ်လည်း အသိအမှတ်ပြုခံထားရသူဖြစ်သည်။

နည်းပြ ဂျိုင်းဆီသည် ၂၀၁၆-၁၇ ခုနှစ်ဘောလုံးရာသီတွင် ၀ီဂန်အသင်းမန်နေဂျာအဖြစ်လည်း တာဝန်ယူခဲ့ဖူး သူဖြစ်သည်။ နည်းပြ ဂျိုင်းဆီသည် ၂၀၁၉ ခုနှစ် မေလ ၈ ရက်တွင် သြစတြေးလျကလပ် မဲလ်ဘုန်းစီးတီး အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် ကလပ်လက်မဲ့ဖြစ်နေသူဖြစ်သည်။

မန်ယူအသင်းနှင့် ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာတို့ ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ လာမည့် ၂၀၂၁ ခုနှစ် နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်သည်။

No comments:

Post a Comment