Wednesday, June 12, 2019

ချင်းပြည်နယ် ပလက်ဝမြို့ပေါ်သို့ စစ်ဘေးရှောင် ၇၀ဝ ကျော် ရောက်ရှိလာပြီး စားဝတ်နေရေးအတွက် အလှူရှင်များ လိုအပ်

ချင်းပြည်နယ် ပလက်ဝမြို့ပေါ်သို့ စစ် ဘေးရှောင် ဒေသခံရဝ၀ ကျော် ရောက်ရှိလာပြီး စစ်ဘေးရှောင်များ၏ စားဝတ်နေရေးအတွက် အလှူရှင်များ လိုအပ်နေကြောင်း သိရသည်။ “ဒီကနေ့(ဇွန် ၁၀ ရက်) ကတော့ ရွာတော့ ထပ်မတိုးလာတော့ဘူး။ အိမ်ထောင်စုတွေ တိုးလာတယ်။ နောက်ဆုံး အခြေအနေကတော့ အိမ်ထောင်စု ၁၅၀၊ လူဦးရေ အမျိုးသား ၃၄၃၊ အမျိုးသမီးက ၄၀၉၊ စုစုပေါင်း ၇၅၂ ယောက်ပါ။ တိုးလာတဲ့ သူတွေကိုလည်း အရင်က လူတွေနေတဲ့ နေရာမှာ ထားပေးတယ်။ နောက် သူတို့ကို မနက်စာနဲ့ မနက်ဖြန် မနက်စာအတွက် ကူညီထောက်ပံ့တဲ့နှုန်းထား အတိုင်းလည်း ထောက်ပံ့ပါတယ်” ဟု ပလက်ဝမြို့နယ် စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီနေသူ ဦးဝေတန်းက ပြောကြားသည်။



ပလက်ဝမြို့ပေါ်သို့ ဇွန် ၉ ရက်မှ စတင်၍ ကျေးရွာများမှ စစ်ဘေးရှောင် ဒေသခံများ ရောက်ရှိလာပြီး မြို့ပေါ်တွင် နေရာများခွဲခြား၍ စောင့်ရှောက်ထားသည်ဟု သိရသည်။


“မနေ့က ၉ ရက်နေ့အထိဆိုရင် အိမ်ထောင်စု ၁၂၄စု၊ လူဦးရေ ကျားက ၂၉၃ နဲ့ အမျိုးသမီးက ၃၄၃ နဲ့ စုစုပေါင်း ၆၃၆ ယောက်ပါ။ ကျေးရွာတွေက သဲမချောင်း၊ ပိန္နဲတပင်၊ ကြွတောင်ရွာ၊ လောင်းတင်ရွာနဲ့ ကျောက်ပြင်ဒေါင့်ရွာ စတဲ့ကျေးရွာငါးရွာက ရှောင်လာတဲ့စာရင်းပါ။ သူတို့ကို တချို့အင်္ဂ္လီကန်အသင်းတော် ခန်းမနဲ့ ကြံ့ခိုင်ရေးရုံးမှာဆိုပြီး နှစ်နေရာမှာ ထားပါတယ်။ ကျောင်းသား အရွယ်လည်းပါတယ်။ ကလေးနို့စို့ အရွယ်လည်းပါတယ်။ သက်ကြီးရွယ်အိုတွေလည်း ပါတယ် အရွယ်စုံပါပဲ။ ကျောင်းသားတွေကတော့ လောလောဆယ်တော့ အခုဘာမှ စီစဉ်မှု မရှိဘူး။ ကျောင်းတက်လို့ မရတော့ဘူးလေ။ အဲဒီမှာလည်း ဆရာတွေလည်း မရှိတော့ဘူး။ သူတို့ကို ကျွန်တော်တို့က မနေ့က စပြီးတော့မှ သုံးနပ်စာ ထုတ်ပေးတယ်။ ဆန်ဆယ်အိတ်၊ ဟင်းဝယ်ဖို့အတွက် တစ်အိမ်ထောင်ကို တစ်နပ်မှာ တစ်ထောင်နှုန်းနဲ့ အိမ်ထောင်စုတစ်ခုကို သုံးထောင်။ အဲဒီလိုနဲ့ ငွေသုံးသိန်းကျော်နဲ့ ဆန်ကို ထုတ်ပေးတယ်။ အဲဒီနေရာနှစ်ခုမှာနေတဲ့ တချို့က စောင်အခက်အခဲရှိလို့ စောင်အထည် ၄၀ ပေးတယ်။ နောက်တစ်ခါ ကျန်းမာရေးဌာနကို အကူအညီ တောင်းပြီးတော့ ခြင်ထောင် အလုံး ၂၀ ကျော်လောက် အကူအညီပေးတယ်။ သောက်ရေသန့်အတွက် ရေသန့်ဘူးကြီး နှစ်ဘူးကို နှစ်နေရာမှာ သွားထားပေးတယ်” ဟု ဦးဝေတန်းက ပြောကြားသည်။

ပလက်ဝမြို့ပေါ်သို့ ရောက်ရှိလာသော ကျေးရွာများမှ စစ်ဘေးရှောင် ဒုက္ခသည်များကို အဖွဲ့အစည်း အသီးသီးမှ ထောက်ပံ့ထားခဲ့ပြီး နောက်ထပ်လည်း ထောက်ပံ့မှုများ လိုအပ်လျက် ရှိသည်ဟု သိရသည်။

“ထွေအုပ် AD ဆီက ဆန်၁၀ အိတ်၊ CCER (ပလက်ဝ) က ငွေ ၆၂၀ဝ၀ဝ နဲ့ ဆန် ၁၀ အိတ်ရပါတယ်။ ပလက်ဝနှစ်ခြင်း ခရစ်ယာန်အဖွဲ့က ငွေငါးသိန်း၊ အင်္ဂ္လီကန် အသင်းတော်က ငွေ ၁၀ သိန်းထောက်ပံ့တယ်။ ဒိုင်ဂိုဆိုတဲ့ အဖွဲ့အစည်းက ငွေနှစ်သိန်းနဲ့ လောလောဆယ် ထောက်ပံ့ထားပါတယ်။ သူတို့က ဘယ်နေ့ ဘယ်ရက် ပြန်ရမယ်ဆိုတာ မသိတဲ့ အခါကျတော့ အဓိက လိုအပ်ချက်က စားဖို့ဆန်ရယ်၊ ဟင်းတို့ ဘာတို့ ဝယ်ဖို့ အတွက်က ငွေသားလိုမယ်။ သူတို့ကျန်းမာရေး လိုအပ်ချက်အတွက် ဆေးဝါးလိုအပ်မယ်။ ဒီမှာတော့ ကျန်းမာရေး ဌာနတွေရှိတယ်။ သူတို့ကို တတ်နိုင်တဲ့ အလှူရှင်တွေက လှူပေးနိုင်ရင်တော့ သူတို့စားဝတ်နေရေး ပိုအဆင်ပြေမယ် ထင်ပါတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူ ဦးဝေတန်းက ပြောကြားသည်။

No comments:

Post a Comment