Wednesday, June 12, 2019

ရခိုင်စစ်ဘေးရှောင် တောင်သူ တစ်ထောင်ကျော် ဘဏ်ချေးငွေ ပေးသွင်းရန် ကျန်နေ

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့်စပါးရိတ်သိမ်းရာသီမှစတင်ကာ မြန်မာ့တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွားများဖြစ်ပွားလျက်ရှိနေသည်။ အဆိုပါတိုက်ပွဲများဖြစ်ပွားနေမှုကြောင့် တချို့ဒေသများမှ တောင်သူများမှာ စိုက်ပျိုးထားသည့်စပါးများအား အချိန်မီ ရိတ်သိမ်းနိုင်ခဲ့ခြင်းမရှိသည့်အပြင် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည့်အတွက် ခန့်မှန်းခြေတောင်သူဦးရေ ၁၀၀၀ ကျော်တို့မှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးယူထားသည့်ချေးငွေများအား လာရောက်ပေးသွင်းနိုင်ခြင်း မရှိသေးကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရခိုင်ပြည်နယ် မာန်နေဂျာ ဦးအေးသိန်းကပြောသည်။



“ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွာနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တောင်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရ ပါတယ်။ စစ်ဘေးရှောင် ငါးသောင်းကျော်ဆိုတဲ့အထဲမှာတော့ တောင်သူတစ်ထောင်ကျော်လောက် ပါဝင်နိုင်ပါတယ်။ စာရင်းအတိကျ ကောက်ထားတာတော့ မရောက်သေးဘူး။ ချေးငွေပြန်ဆပ်တာကလည်း အရင်နှစ်ကနဲ့စာရင် နည်းနေပါတယ်။ ၅၀ ရာခိုင်နှုန်းလောက်ပဲ ကောက်ခံရရှိသေးတာဖြစ်ပါတယ်။”ဟု ပြည်နယ်မာန်နေဂျာ ဦးအေးသိန်းကပြောသည်။

ထို့အပြင် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီအတွက် ချေးငွေများအား ထုတ်ချေးပေးနေပြီဖြစ်သော်လည်း ချေးငွေလာရောက် ထုတ်ယူသည့် တောင်သူအရေအတွက်မှာ ယခင်နှစ်ကထက်နည်းပါးလျက်ရှိနေသည်။

“အခုအချိန်ထိတော့ တစ်သောင်းခွဲလောက်ပဲ လာထုတ်သေးတာဖြစ်ပါတယ်။ မနှစ်ကကိန်းကဏန်းထက်တော့ နည်းနေတာပေါ့။ အရင်နှစ်ကဆိုရင် ဒီလိုအချိန်မှာ နှစ်သောင်းကျော်လောက်ကို ထုတ်ချေးပေးထားပြီးဖြစ်ပါတယ်။ အခုလိုနည်းနေတာကလည်း မနှစ်ကကြွေးကျန်တွေကို လာမဆပ်သူတွေများနေတဲ့အတွက် အခုလို ထုတ်ချေးပေးရတာလည်း နည်းသွားတာပါ”ဟု ဦးအေးသိန်းကပြောသည်။

ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးလုပ်ကိုင်နေကြသည့် တောင်သူဦးရေ ၁၂၀၀၀၀ ခန့်ကို ချေးငွေကျပ် ၈၄ ဘီလီယံအထိ ထုတ်ချေးပေးခဲ့ပြီး ယခုနှစ်တွင် ယခင်နှစ်နှုန်းထားအတိုင်း ထပ်မံထုတ်ချေးပေးရန် လျာထားသော်လည်း တချို့တောင်သူများမှာ ချေးငွေပြန်မဆပ်နိုင်သဖြင့် ချေးငွေထုတ်ချေးပေးမည့် တောင်သူဦးရေမှာ လျော့နည်းသွားနိုင် ကြောင်းနှင့် ယခင်နှစ်ချေးငွေ၏ ၅၀ ရာခိုင်နှုန်းခန့်ကိုသာ ကောက်ခံရရှိသေးကြောင်း ဦးအေးသိန်းကပြောသည်။

No comments:

Post a Comment