Wednesday, June 12, 2019

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘက်က နှစ်နိုင်ငံသဘောတူညီချက် အတိုင်း အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နေသော်လည်း ဘင်္ဂ္လားဒေ့ရှ်နိုင်ငံ အနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု မရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ရခိုင်ပြည်နယ်မှ ဘင်္ဂ္လားဒေ့ရှ်နိုင်ငံဘက်သို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဘက်က နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နေသော်လည်း တစ်ဖက်ဘင်္ဂ္လားဒေ့ရှ်နိုင်ငံ အနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု မရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။



ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ဇွန် ၁၀ ရက် ညနေ ၄ နာရီတွင် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sergey Lavrov အား ရုရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ သွားရောက် တွေ့ဆုံခဲ့ပြီး အဆိုပါ တွေ့ဆုံမှုတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ဇွန် ၁၁ ရက်တွင် ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းဖော်ပြခဲ့သည်။

အစိုးရသစ် တာဝန်ယူပြီးချိန်မှစ၍ ရခိုင်အရေးကိစ္စကို ဖြေရှင်းရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဟောင်းဖြစ်သူ မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်တို့ကို ဖွဲ့စည်းထူထောင်ခဲ့ကြောင်း၊ ARSA အကြမ်းဖက် အဖွဲ့၏ တိုက်ခိုက်မှုများသည် အစိုးရ၏ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် စည်ပင်ဖွံ့ဖြိုးရေး ဆောင်ရွက်မှုများကို သွေဖည်စေရန် ရည်ရွယ်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။


လူဦးရေ အဆမတန် များပြားလှသော ဘင်္ဂ္လားဒေ့ရှ်သည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိရာ တရားမဝင် ရွှေ့ပြောင်းသွားလာမှုသည် ရှေးယခင်ကတည်းက ရှိခဲ့ပြီး ဘင်္ဂ္လားဒေ့ရှ်နှင့် မြန်မာအကြား နေရပ်စွန့်ခွာသူများ ပြဿနာသည် ယခုမှမဟုတ်ဘဲ ယခင်ကလည်း နှစ်ကြိမ် ရှိခဲ့ပြီးဖြစ်ကာ အဆိုပါ နှစ်ကြိမ်တွင် ပြဿနာကို နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုဖြင့် ကျေနပ်စွာ ဖြေရှင်းခဲ့ကြကြောင်း ゞင်းက ပြောကြားသည်။

ထို့ပြင် ယခုပြဿနာတွင်လည်း လက်ရှိ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း မြန်မာနိုင်ငံဘက်မှ အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော်လည်း တစ်ဖက်နိုင်ငံအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု မရှိကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ဘင်္ဂ္လားဒေ့ရှ် အပါအဝင် အိမ်နီးချင်းနိုင်ငံ အားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနေထိုင်သွားရန် ဆန္ဒရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။

ရခိုင်ပြည်နယ်အရေးကိစ္စတွင် အာဆီယံနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံက ဆောင်ရွက်ထားရှိမှုများ၊ ပြင်ဆင်မှုများနှင့် ပတ်သက်၍ အာဆီယံ AHA Centre မှ စနစ်တကျ အချက်အလက် ကောက်ခံကာ ကနဦး လေ့လာဆန်းစစ်ချက်စာတမ်းကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ ဆန်းစစ်ချက်သည် မြန်မာနိုင်ငံ၏ ဆောင်ရွက်ထားရှိမှုများအပေါ် သက်သေခံနိုင်သော်လည်း ယခုအချိန်အထိ မြန်မာနှင့် ဘင်္ဂ္လားဒေ့ရှ် နိုင်ငံတို့အကြား နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ပြန်လည်ရောက်ရှိလာသည့် နေရပ်စွန့်ခွာသူများ မရှိသေးကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ရခိုင်ကိစ္စ ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဘင်္ဂ္လားဒေ့ရှ်နှင့် နှစ်နိုင်ငံ သဘောတူညီချက် ချုပ်ဆိုမှု၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရန်ကိစ္စတွင် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်နေမှုနှင့် UNDP၊ UNHCR တို့နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းတို့ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရ၍ ဝမ်းမြောက်ကြောင်း ဆိုသည်။

No comments:

Post a Comment