Wednesday, June 12, 2019

၁၄ နှစ်မှ ၁၈ နှစ်ကြား ကလေးများကို ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် တစ်ရက်လျှင် လေးနာရီထက် ပိုမိုခိုင်းစေမှုမရှိဟု အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ချုပ်ပြောကြား

မြန်မာနိုင်ငံတွင် အသက် ၁၄ နှစ်မှ ၁၈ နှစ်ကြား ကလေးများကို တစ်ရက်လျှင် အလုပ်ချိန်လေးနာရီ ဥပဒေအရ အလုပ်လုပ်ခွင့်ပြုထားပြီး သတ်မှတ်ချိန်ထက်ကျော်လွန် ခိုင်းစေမှုမှာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် မရှိဟု အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ဇွန် ၁၁ ရက်က ပြောကြားသည်။ ရန်ကုန်မြို့တွင် ဇွန် ၁၁ ရက်က Pan Pacific ဟိုတယ်၌ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့မှ ကြီးမှူးပြီး ပြုလုပ်ခဲ့သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ ဖွင့်ပွဲအခမ်းအနားတွင် ဦးညွန့်ဝင်းက မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ゞင်းက “လောလောဆယ်ကတော့ ကျွန်တော်တို့ ဒီမှာတာဝန်ထမ်းဆောင်တဲ့ကာလ အတွင်းမှာတော့ ရှားရှားပါးပါးပါပဲ။ စက်ရုံ အလုပ်ရုံနဲ့ပတ်သက်လို့ကတော့ အထူးသဖြင့် ကုန်ထုတ်လုပ်ငန်းပိုင်းမှာတော့ လုံးဝကိုမခိုင်းသလောက် ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ဒီပြစ်မှုကို ကျူးလွန်ရင် ထောင်သုံးလ ကျခံရနိုင်တယ်။ ငွေဒဏ်ဆိုရင် အနည်းဆုံး သိန်း ၂၀ ချမှတ်ခံရနိုင်တယ်။ ထောင်ဒဏ်ရော ငွေဒဏ်ရော ကျခံရနိုင်တဲ့အတွက် ကုန်ထုတ်လုပ်ငန်းပိုင်းမှာတော့  ခိုင်းစေတာ မရှိသလောက်ပဲ။ သို့သော်လည်း ဆိုင်တို့၊ အလုပ်ဌာနတို့မှာ ဘာလို့ရှိနေသေးလဲဆိုတာက ကျွန်တော်တို့က ဒီအသိုင်းအဝိုင်းမှာရှိတဲ့ ကလေးတွေကို ဖယ်ရှားဖို့ဆိုရင် ဘယ်လိုသက်ရောက်မှုတွေရှိလာမလဲဆိုတာ အများကြီးတွက်ဆရမယ်။ ဒီကလေးရဲ့ဝင်ငွေက မိသားစုရဲ့ စားဝတ်နေရေးကို တစ်စိတ်တစ်ပိုင်းမကဘူး အဓိကနေရာကနေပါဝင်နေတယ်ဆိုရင် ကျွန်တော်တို့အတွက် ပြဿနာပဲ။ သူ့ကို ရှင်းလိုက်တာနဲ့ တစ်ပြိုင်နက် ဒီမိသားစုပါ ဒေါက်တိုင်ပြုတ်သွားမယ်။ ကျွန်တော်တို့က ဒါတွေပါ စဉ်းစားရပါတယ်”ဟု ပြောကြားသည်။

ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အပြင် ဆင်းရဲသည့် အခြေခံလူတန်းစားများ ပေါများသည့် မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်များအတွင်းမှ ကလေးလုပ်သားများကို ဖယ်ရှားရန်အတွက်မှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနေကြောင်းလည်း ゞင်းက ဆိုသည်။

“ကျွန်တော်တို့ ဦးစီးဌာနရယ်၊ တိုင်းဒေသကြီးအစိုးရတွေရယ် အားလုံးနဲ့ပေါင်းစပ်ပြီးတော့ ကလေးလုပ်သားပြဿနာကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ပြောဖို့စောသေးတယ်။ ကျွန်တော်တို့မှာ ခိုင်လုံတဲ့အချက်အလက် မရှိသေးဘူး။ ခင်ဗျားတို့မြင်နေတာ မှန်တယ်။ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ အခြားသောဆိုင်တွေမှာ ကလေးလုပ်သားတွေတွေ့မှာပဲ။ သို့သော်လည်း ရှိတာတော့တွေ့တယ်။ ဘယ်လောက်လဲဆိုတာကတော့ ခင်ဗျားတို့ဆီမှာလည်း အချက်အလက်မရှိဘူး။ ကျွန်တော်တို့ဦးစီးဌာနမှာလည်း အချက်အလက်မရှိဘူး။ အချက်အလက်မရှိရင် ကလေးလုပ်သားတွေကို ဒီလုပ်ငန်းခွင်တွေထဲကနေ ဘယ်လိုဖယ်ရှားမလဲဆိုတာ ကျွန်တော်တို့အတွက် စိန်ခေါ်မှုဖြစ်ပါတယ်” ဟု ဦးညွန့်ဝင်းက ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ Mr.Rory Mungoven က “ဆင်းရဲမွဲတေမှုဟာ ကလေးငယ်တွေကို အလုပ်ခွင်ထဲတွန်းပို့နေတဲ့ အကြောင်းတရားတွေဖြစ်ပါတယ်။ ဒါတွေကို တားဆီးနိုင်မယ့်နည်းလမ်းတွေရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လုပ်ငန်းခွင်ဝင်ဖို့ အနည်းဆုံး အသက်အရွယ်လိုအပ်ချက်တွေနဲ့ပက်သက်တဲ့ ILO ရဲ့ပြဋ္ဌဌာန်းချက် ၁၃၈ နဲ့အညီဆောင်ရွက်နိုင်ဖို့ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အကောင်အထည်ဖော် ဆောင်ရွက်နေတာတွေ၊ ကလေးအလုပ်သမား ပြဿနာကို အရေးတယူကိုင်တွယ်ဖြေရှင်းနေတာတွေကို အသိအမှတ်ပြုပါတယ်” ဟု ပြောကြားသည်။

No comments:

Post a Comment