Wednesday, June 12, 2019

ငြိမ်းစုစီဖြင့် တရားစွဲခံရသည့် ကချင်လူငယ်နှစ်ဦးကို တရားရုံးက ကျပ်သိန်း ၅၀ စီဖြင့် အာမခံပေး

ကချင်စစ်ဘေး (၈)နှစ်ပြည့် ပြဇာတ်တင်ဆက်ခြင်းနှင့်ပတ်သက်ပြီး ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့်တရားစွဲခံရသည့် ကချင်လူငယ်နှစ်ဦးကို ကျပ်သိန်း ၅၀ စီဖြင့် တရားရုံးက အာမခံပေးခဲ့ကြောင်း တရားစွဲခံရသူ တစ်ဦးဖြစ်သူ ကိုပေါလု က ပြောသည်။ တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့အကြား တစ်ကျော့ပြန် စစ်ပွဲဖြစ်ပွားမှု (၈)နှစ်ပြည့်သည့် ဇွန်လ ၉ ရက်တွင် မြစ်ကြီးနားမြို့၌ စစ်ရှောင်များ ကိုယ်တိုင်ပါဝင်သည့် ကချင်စစ် ဘေး (၈)နှစ်ပြည့် အထိမ်းအမှတ် ပြဇာတ် တင်ဆက်ပြသခြင်းနှင့် ပတ်သက်ပြီး ကြိုတင်ခွင့်ပြုချက် တောင်းခံခြင်း မရှိဟုဆိုကာ ကချင်လူငယ်တာဝန်ခံနှစ်ဦးဖြစ်သည့် ကိုပေါလုနှင့် မဆိုင်းနူးပန်တို့ကို မြို့နယ်ရဲတပ်ဖွဲ့ကတရားစွဲဆိုရာ ဇွန်လ ၁၁ ရက်တွင် တရားရုံးက ပထမဆုံးရုံးချိန်း ခေါ်ယူခဲ့သည်။
‘‘တရားသူကြီးက အပြစ်ရှိလားဆိုတော့ ကျွန်မတို့က အပြစ်ရှိတယ် မပြောဘူးပေါ့။ အဲဒါဆိုတော့ အမှုကို ဆက်လက်ပြီးတော့ ထုချေသွားဖို့ရှိတယ်’’ ဟု တရားစွဲ ခံရသည့် မဆိုင်းနူးပန်က ပြောသည်။ ရုံးချိန်းကို ဇွန်လ ၁၉ ရက်တွင် ထပ်မံခေါ်ယူထားပြီး တရားလိုရဲမှူးကို စတင်စစ်ဆေးမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် တရားစွဲခံထား ရသူ နှစ်ဦးအတွက် လူလတ်ပိုင်း ကချင်အမျိုးသား နှစ်ဦးက အာမခံပေးခဲ့သည်ဟု ကိုပေါလုက ပြော သည်။

‘‘အာမခံကို သိန်း ၅၀ နဲ့ အာမခံထားတာပေါ့။ ပိုက်ဆံသိန်း ၅၀ မဟုတ်ဘူး။ သိန်း ၅၀ အထက် တန်တဲ့ အိမ်ပိုင်ဆိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ အိမ်ထောင်စု မိတ္တူ၊ မှတ်ပုံတင်မိတ္တူနဲ့ အာမခံ ထားပေးတာပေါ့’’ဟု ၎င်းကပြော ကြားသည်။

ကချင်ဒေသစစ်ပွဲ (၈)နှစ် ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုများ မလုပ်ဆောင်မီ ရဲတပ်ဖွဲ့ထံသို့ ကြိုတင်ခွင့်ပြုချက် တောင်းခံခဲ့ကြောင်း၊ ခွင့်ပြုမိန့် တောင်းခံရန် ဆောင်ရွက်စဉ်သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အကြံပြုချက်အရ ပွဲမိန့်တင်ခဲ့ကြောင်း တရားစွဲခံရ သူတို့က ပြောသည်။

‘‘ကျွန်တော်တို့က အပြစ်မရှိဘူး။ ကျွန်တော်တို့ရဲ့ အခြေခံရပိုင်ခွင့်ကို ဥပဒေလမ်းကြောင်း အရ ကြိုးစားသင့်သလောက် ကြိုးစားတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ကို စွဲထားတာက ငြိမ်းစုစီနဲ့။ ဒါပေမဲ့ ကျွန်တော်တို့လုပ် တာက ငြိမ်းစုစီနဲ့ ဘာတစ်ခုမှ မသက်ဆိုင်ဘူး။ ပွဲမိန့်နဲ့ လုပ်ဖို့ရာ အတွက် သူတို့လမ်းကြောင်းပေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ပွဲမိန့်က နှစ်ရက်စာ မတင်လိုက် ဘူး’’ဟု ကိုပေါလုက ပြောသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက် ၍ 7Day Daily သတင်းစာက တရားလိုဖြစ်သူ မြစ်ကြီးနားမြို့ နယ်ရဲမှူး မြင့်သန့်ဇော်သို့ ဆက်သွယ်မေးမြန်းရာ အစည်းအဝေး သို့ ရောက်ရှိနေ၍ ဖြေဆိုနိုင်ခြင်း မရှိသေးဟု ပြောကြားသည်။

No comments:

Post a Comment