Wednesday, June 12, 2019

ဂျော်ဂျီယာနိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်လာရေး အမေရိကန်က ဆက်လက်ကူညီမည်

 နေတိုးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ ကြိုးစားနေတဲ့ ဂျော်ဂျီယာနိုင်ငံကို အမေရိကန်နိုင်ငံဟာ ဆက်လက်ကူညီပေးသွားမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပဲယိုက ဇွန် ၁၁ ရက်မှာ ပြောပါတယ်။ေ ဂျာ်ဂျီယာ ဝန်ကြီးချုပ် မမ်မူကာဘတ်ခါဇီကို ဝါရှင်တန်ဒီစီက နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ပွန်ပဲယိုက လက်ခံတွေ့ဆုံပြီး အာဖဂန်နစ္စတန်မှာ အကြမ်းဖက်ဝါဒကို တိုက်ပွဲဝင်ရာမှာလည်း ဂျော်ဂျီယာနိုင်ငံက ကူညီပေးခဲ့တာကိုပါ ချီးကျူးပြောဆိုခဲ့တာ ဖြစ်ပါတယ်။



“ဂျော်ဂျီယာနိုင်ငံရဲ့ အားထုတ်မှုတွေဟာ ကျွန်တော်ကို အလွန့်ကို ယုံကြည်မှု ရှိစေတယ်။ ဘာလဲဆိုတော့ နေတိုးအဖွဲ့ဝင် ဖြစ်ဖို့ ကြိုးစားနေတဲ့ ဂျော်ဂျီယာနိုင်ငံကို အမေရိကန်က ဆက်လက်ကူညီပံ့ပိုးဖို့ သမ္မတ ထရမ့်နဲ့ အစိုးရကို နားဝင်အောင် ပြောရာမှာ ကျွန်တော်အတွက် အင်အား ရှိစေတယ်။”လို့ ပွန်ပဲယိုက ပြောပါတယ်။

ပွန်ပဲယိုနဲ့ မမ်မူကာတို့ရဲ့ တွေ့ဆုံမှုမှာ ဂျော်ဂျီယာနိုင်ငံ နေတိုးအဖွဲ့ဝင် ဖြစ်လာရေးအပြင် ဥပဒေစိုးမိုးရေးနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေးအတွက် ဂျော်ဂျီယာနိုင်ငံရဲ့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ နိုင်ငံရဲ့ နယ်မြေအချို့ကို ရုရှား ကျူးကျော်ထားမှုစတဲ့ ကိစ္စရပ်တွေကိုပါ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

“၂၀ဝ၈ ခုနှစ်မှာ နယ်မြေအချို့ကို ရုရှားရဲ့ တရားမဲ့ ကျူးကျော်တာကို ခံရပြီးကတည်းက ဒီဆယ်စုနှစ်မှာ ဂျော်ဂျီယာနိုင်ငံဟာ အံ့သြလောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်လာတယ်။ ဒီကနေ့အထိ ဂျော်ဂျီယာဟာ နိုင်ငံတကာ အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ဖြစ်နေပြီး အမေရိကန်ရဲ့ အရေးပါတဲ့ မဟာဗျူဟာ မိတ်ဖက်လည်း ဖြစ်လာတယ်။ ကမ္ဘာ့လုံခြုံရေးမှာ ပါဝင်လာတယ်။”လို့ ပွန်ပဲယိုက ပြောပါတယ်။

ရုရှားရဲ့ နိုင်ထက်စီးနင်း ပြုကျင့်မှုက ဂျော်ဂျီယာနိုင်ငံရဲ့ ကာကွယ်ရေးအသင့်ရှိမှု စီမံကိန်းကို မိမိတို့စစ်တပ်က ကူညီပံ့ပိုးပေးရမယ့် အကြောင်းရင်းခံတစ်ရပ် ဖြစ်နေကြောင်းလည်း ပွန်ပဲယိုက ပြောခဲ့ပါတယ်။

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ဆိုတဲ့ နေတိုးအဖွဲ့မှာ အဖွဲ့ဝင်၂၉ နိုင်ငံပါရှိပြီး စစ်ဘက်ဆိုင်ရာ မဟာမိတ်အဖွဲ့ကြီးတစ်ရပ် ဖြစ်ပါတယ်။

No comments:

Post a Comment