Wednesday, June 12, 2019

မြိတ်ကျွန်းစုအတွင်း ဒေသခံများကိုယ်တိုင်စီမံခန့်ခွဲသော ငါးလုပ်ငန်းရေပြင်ဧရိယာ ထူထောင်ပြီးနှစ်နှစ်ကျော်တွင် ငါးသယံဇာတများ ပြန်လည်ပေါများလာကြောင်း သိရ

မြိတ်ကျွန်းစုအတွင်း ဒေသခံများကိုယ် တိုင်စီမံခန့်ခွဲသော ငါးလုပ်ငန်းရေပြင်ဧရိယာထူထောင်ပြီး နှစ်နှစ်ကျော်တွင် ငါးသယံဇာတများ ပြန်လည်ပေါများလာကြောင်း ရေလုပ်သားများနှင့် ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများက ပြောကြားသည်။ တနင်္သ࿿ာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်ရှိ ကျေးရွာတချို့တွင် ဒေသခံများကိုယ်တိုင်စီမံခန့်ခွဲသော ငါးလုပ်ငန်းရေပြင်ဧရိယာ (Locally – managed Marine Area) များကို ထူထောင်ထားပြီး ရေပြင်ထိန်းသိမ်းခြင်း၊ ရာသီအလိုက် ငါး၊ ပုစွန်၊ ကဏန်းများဖမ်းဆီးဆောင်ရွက်ခြင်းတို့ ပြုလုပ်လျက်ရှိရာအောင်မြင်မှုများ ရရှိလာသည်။ အဆိုပါ အစီအစဉ်ကို FFI (FAUNA & FLORA INIERN ATIONAL) နှင့် ဒေသခံများပူး ပေါင်းဆောင်ရွက်လျက်ရှိရာ အောင်မြင်လာသည့်အတွက် အခြားကျေးရွာများမှလည်း လုပ်ကိုင်ဆောင်ရွက်ရန် အဆိုပြုလာသည်။



“ဒီရေပြင်ကို ကျွန်တော်တို့က၂၀၁၇ ခုနှစ် မတ် ၃၁ ရက်မှာ တရားဝင် စတင်ထူထောင်ပါတယ်။ အဲဒီတော့ နှစ်နှစ်ရှိသွားပါပြီ။ မူလအခြေအနေနဲ့ ယခုအခြေအနေကို တွက်ကြည့်ရင် ဒီဒေသမှာ ငါးသယံဇာတတွေ ပေါလာတယ်ဆိုပြီး ဒေသခံတွေကိုယ်တိုင် ပြောပါတယ်။ ဆွေးနွေးပွဲမှာလည်း အုပ်ချုပ်ရေးမှူးကိုယ်တိုင် ပြောပါတယ်။ ဒီဒေသမှာ ထိန်းသိမ်းရေးလုပ်တုန်းက အားလုံးဘာမှမလုပ်ရတော့ဘူး သူတို့ထင်ခဲ့တယ်။ ဒါပေမဲ့ မဟုတ်ဘူး။ နေရာအလိုက်ထိန်းသိမ်းရမယ့် နေရာတွေရှိတယ်။ အကျိုးရှိရှိ လုပ်ဆောင်ရတဲ့ နေရာတွေရှိမယ်။ တချို့နေရာတွေကိုတော့ ရာသီအလိုက်ဖမ်းတဲ့နေရာတွေရှိမယ်။ တချို့နေရာတွေက လုံးဝမဖမ်းသင့်တဲ့ နေရာတွေဆိုပြီး ဒေသခံတွေကိုယ်တိုင်ရွေးလိုက်တယ်။ ဒေသခံတွေကိုယ်တိုင် ဘယ်နေရာကို ထိန်းသိမ်းချင်သလဲဆိုပြီး ရွေးလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ တချို့နေရာတွေမှာ သန္တာကျောက်တန်းတွေ ကောင်းတယ်။ ပင်လယ်မြက်တွေ၊ ဒီရေတောတွေ ကောင်းတယ်။ ဒီနေရာတွေမှာ ငါးသယံဇာတတွေ ပေါက်ဖွားတဲ့ နေရာဖြစ်တယ်။ ဒီနေရာတွေထိန်းသိမ်းမှ သာလျှင်ငါးသယံဇာတတွေ ပြန်ပေါလာမယ်။ ဒီနေရာတွေကို သူတို့ကိုယ်တိုင်သိတယ်။ ဒါက ငါးသားပေါက်တဲ့နေရာ၊ ဒါက ကဏန်းတွေ သားပေါက်တဲ့နေရာဆိုပြီး သူတို့ကိုယ်တိုင်ရွေးလိုက်တယ်။ တချို့နေရာတွေကိုတော့ ရာသီအလိုက် ထိန်းလိုက်တယ်။ ဒီနေရာတွေမှာ သားပေါက်တဲ့အချိန်ဆိုရင် ထိန်းတယ်။ သားပေါက်ရာသီကုန်သွားရင် ဖမ်းမယ်။ ဒီနေရာမှာ ဘာထူးခြားသလဲဆိုတော့ သူတို့မနှစ်က ပိတ်လိုက်တယ်။ ပြန်ဖွင့်တော့ ငါးတွေအများကြီးဖြစ်လာတယ်။ ဒေသခံတွေကိုယ်တိုင် လာပြောတာ။ ဒါကြောင့် သူတို့ကလည်း ထိထိရောက်ရောက် ထိန်းသိမ်းချင်လာတယ်။ ချုပ်ပြီးပြောရရင် နှစ်နှစ်အတွင်းမှာ ငါးတွေပြန်ပေါလာတယ်။ ကုန်းပေါ်ရှိတဲ့ သတ္တဝါတွေက တစ်ခါပေါက်ရင် နှစ်ကောင်၊ သုံးကောင်။ အများဆုံး ၁၀ ကောင်ပါပဲ။ ငါးပုစွန်တွေဆိုတာက သိန်းနဲ့ သန်းနဲ့ချီပြီး ဥတွေရှိတာ။ ဒါတွေကို သူတို့ဥတဲ့နေရာကို ထိန်းလိုက်မယ်။ သားပေါက်ခွင့်ပေးလိုက်မယ်ဆိုရင် ငါးသယံဇာတတွေက အများကြီး ပေါများလာလိမ့်မယ်။ တစ်နှစ်၊ နှစ်နှစ်လောက် ထိန်းနိုင်မယ်ဆိုရင် ငါးပုစွန်တွေ ပြန်များလာဖို့ဆိုတာ အင်မတန်လွယ်တဲ့ ကိစ္စပါ။ ဒါကြောင့် သူတို့အနေနဲ့ ထိန်းသိမ်းရေးလုပ်ရင်း ငါးပုစွန်တွေပြန်ပွားလာ တယ်ဆိုတာကို ပြောရခြင်းဖြစ်ပါတယ်”ဟု FFI မှ ပရိုဂရမ်မန်နေဂျာ ဦးဇော်လွန်းက ပြောကြားသည်။


“နှစ်နှစ်ကျော်လာတဲ့ အတိုင်းအတာအတွင်းမှာတော့ ကျွန်တော်တို့မှာ စိန်ခေါ်မှုတွေ အများကြီးရှိခဲ့တယ်။  ဘာလို့လဲဆိုတော့ နှစ်နှစ်ကျော်အတောအတွင်းမှာ ကမ်းနီးလုပ်ငန်းလေးတွေကို နားလည်အောင် လိုက်ရှင်းပြရတယ်။ အခုနှစ်နှစ်ကျော်ကာလကို  ရောက်လာပြီဆိုတော့ အရေးယူမှုအပိုင်းကို ရောက်လာပါပြီ။  အရင်တုန်းကထက်စာရင်တော့ သား၊ ငါးတွေက ပေါလာတယ်။ အရင်ကဆို ကမ်းဝိုင်းတွေ အများကြီးဖမ်းကြတယ်။ မတရားငါးဖမ်းဆီးတာတွေများခဲ့တော့ သားငါးတွေပြုန်းတီးခဲ့တယ်။ ၂၀၁၇ ခုနှစ် မတ်လကနေစပြီး ထိန်းသိမ်းခဲ့တော့ ငါးတွေ၊ ပုစွန်တွေ၊ ကဏန်းတွေလည်း ပြန်လည်ပေါများလာတယ်။ FFI  ကနေ ကူညီပံ့ပိုးပေးတဲ့ ကဏန်းဖောင်တွေ၊ နည်းပညာတွေနဲ့ ဆောင်ရွက်တယ်။  ဥပါတဲ့ကဏန်းတွေဆိုရင် ဒေသခံ ပိုက်လှေတွေဆီမှာ ပြန်ပြီးတောင်းဆိုပါတယ်။ ရလာတဲ့ဥရှိတဲ့ကဏန်းတွေကို ဖောင်တွေထဲထည့်ပြီး ဥပြန်ချပေးပါတယ်။ ဒီလိုနဲ့ ကဏန်းတွေ ပြန်ပေါလာပါတယ်။ ဒေသခံတွေ ရှာဖွေစားသောက်ရတာ အရင်ကထက် ပိုပြီးအဆင်ပြေလာပါတယ်” ဟုဒုံးပုလဲအော်ရွာမှ ရေလုပ်သားဦးလှမော်က ဆိုသည်။

LMA (Locally – managed Marine Areas) ကို မြိတ်ကျွန်းစုအတွင်းရှိ ဒုံးပုလဲအော်၊ လင်းလွန်း-ပယောဝါးနှင့် လငန်းကျေးရွာတစ်ဝိုက်တွင် ၄၆၃၅ ဧက ထိန်းသိမ်း ထားပြီး ဒုံးရွှေသန်းကျေးရွာကလည်း ရေပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် အဆိုပြုထားကြောင်း၊ အဆိုပါစနစ် အောင်မြင်သောကြောင့် ဒေသခံရေလုပ်သားများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုလာသည့် တခြားကျေးရွာများ ရှိနေသေးရာ ဒီရေတောအခြေပြု ကျေးရွာများကို ဒေတာကောက်ယူပြီးကူညီဆောင်ရွက်ပေးရန် စီစဉ်နေပြီဖြစ်ကြောင်း FFI မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

No comments:

Post a Comment