Sunday, June 30, 2019

ကန် နဲ့ တရုတ် သမ္မတ ဆွေးနွေးပွဲ သဘောတူညီချက်တချို့ ရရှိ

တရုတ်နိုင်ငံက တင်သွင်းတဲ့ အမေရိကန် ဒေါ်လာ ဘီလီယံ ၃ဝဝ တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေပေါ်မှာ အခွန်ငွေ ကောက်ခံမယ့်အစီအစဉ်ကို အမေရိကန်ပြည်ထောင်စုက ဆိုင်းငံ့ထားလိုက်ပါပြီ။ ကန် သမ္မတ ထရမ့် နဲ့ တရုတ် သမ္မတ ရှီကျင်းပင်တို့ ဂျပန်နိုင်ငံမှာ စနေနေ့ မနေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲကနေ အခုလို သဘောတူလိုက်တာပါ။ ဒါ့အပြင် သမ္မတ ထရမ့်က Huawei ဟွာဝေး တရုတ်ဆက်သွယ်ရေးကုမ္ပဏီကို အမေရိကန် ကုမ္ပဏီတွေအနေနဲ့ ပစ္စည်းတွေ ဆက်လက်ရောင်းချဖို့လည်း ခွင့်ပြုလိုက်ပြီလို့ ပြောပါတယ်။ နိုင်ငံတော် လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်ဆိုပြီး အဲဒီ ကုမ္ပဏီကို အမေရိကန်ကုမ္ပဏီတွေက ပစ္စည်းတွေရောင်းချနေတာကို ပိတ်ပင်တော့မယ်လို့ သမ္မတထရမ့်က ပြီးခဲ့တဲ့လအတွင်းမှာ ကြေညာခဲ့ပါတယ်။


မနေ့က ဆွေးနွေးပွဲမှာ အပြန်အလှန်အားဖြင့် တရုတ်ပြည်ကလည်း အမေရိကန်နိုင်ငံထုတ် ပစ္စည်းတွေကို ပိုမိုဝယ်ယူဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ ထရမ့်နဲ့ ရှီကျင်းပင် တို့ရဲ့ မနေ့ကဆွေးနွေးပွဲရလဒ်ကြောင့် တင်းမာမှုတွေ ယာယီလျော့နည်းသွားပေမယ့် နှစ်နိုင်ငံ ကုန်သွယ်ရေးဆွေးနွေးပွဲတွေကို ပြန်လည် ကျင်းပရမှာဖြစ်ပြီး ဖြေရှင်းစရာတွေ အများကြီးရှိသေးတယ်လို့ ဆိုပါတယ်။

လာမယ့် အောက်တိုဘာလမှာ တရုတ် ကွန်မြူနစ်ပါတီ ညီလာခံရှိနေသလို လာမယ့်နှစ်မှာ အမေရိကန် သမ္မတရွေးပွဲ ရှိနေတဲ့အတွက် ကုန်သွယ်စစ်ပွဲကို တရုတ် နဲ့ အမေရိကန် သမ္မတ နှစ်ဦးလုံးက ရှောင်ရှားချင်နေကြတယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment