Sunday, June 30, 2019

လက်ရှိဘဏ္ဍဍာနှစ် ကိုးလနီးပါးအတွင်း မြဝတီကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၈၃ သန်းကျော် ရရှိ

၂၀၁၈ -၂၀၁၉ ဘဏ္ဍဍာနှစ် ကိုးလနီးပါးအတွင်း မြန်မာ-ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၈၃ သန်းကျော်ရရှိခဲ့သော်လည်း ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၆၁၉ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။၂၀၁၈ -၂၀၁၉ ဘဏ္ဍဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇွန် ၂၁ ရက်အထိ ကိုးလနီးပါးအတွင်း မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၈၃ ဒသမ ၈၄၃ သန်းရရှိထားသည်။
ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၆၈၅ ဒသမ ၄၆၂ သန်းအထိရရှိခဲ့သဖြင့် လက်ရှိဘဏ္ဍဍာနှစ် ကိုးလအတွင်းတွင် မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၆၁၉ သန်း လျော့ကျခဲ့သည်။ယခုနှစ် လက်ရှိအချိန်အထိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေမှာ မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ သန်း ၁၃၄ ဒသမ ၉၇၆ သန်းရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၈ ဒသမ ၂၀၃ သန်း ပိုမိုတင်ပို့ထားသည်။ထိုင်းဘက်မှ မြန်မာဘက်သို့ သွင်းကုန်တင်သွင်းမှုတွင် သွင်းကုန်တန်ဖိုး ဒေါ်လာ  ၅၄၈ ဒသမ ၈၆၇ သန်းရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၆၉ ဒသမ ၈၂၂ သန်း လျော့ကျခဲ့သည်။မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ မယ်စဲ့၊ စစ်တွေ၊ မောင်တော၊ တမူး၊ ရိဒ်နှင့်ထန်တလန်စသည့် နယ်စပ်ကုန် သွယ်ရေးစခန်း ၁၇ ခုဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။

No comments:

Post a Comment