Sunday, June 30, 2019

ဆဲလ်ဖီရိုက်ရင်း သေဆုံးရမှုက ငါးမန်းကိုက်ခံရလို့  သေတာထက် ငါးဆ ပိုများ

တစ်ကမ္ဘာလုံးမှာ စွဲစွဲလမ်းလမ်းလုပ်ကြတဲ့ အရာတစ်ခုဖြစ်လာတာ ဆယ်စုနှစ်တစ်ခုလောက်ရှိပြီဖြစ်တဲ့ ဆဲလ်ဖီရိုက်ခြင်း အလေ့ကြောင့် မတော်တဆဖြစ် သေဆုံးရတဲ့ လူဦးရေဟာ ငါးမန်းကိုက်လို့ သေဆုံးရတဲ့ ဦးရေထက် ငါးဆပိုများနေကြောင်း စစ်တမ်းတစ်ခုမှာ ဖော်ပြလာပါတယ်။ နည်းပညာပိုမိုရှုပ်ထွေးလာတဲ့ စမတ်ဖုန်းတွေ နှစ်စဉ် တိုးပွားလာမှုနဲ့  အကွာအဝေးပိုဆန့် နိုင်တဲ့ ဆဲလ်ဖီချောင်းတွေ ပေါ်လာမှုတွေဟာ ပြည့်စုံကောင်းမွန်တဲ့ ပုံလေးတွေ ရရှိဖို့ အတွက် အန္တရာယ်များတဲ့ အနေအထားတွေမှာတောင် ဆဲလ်ဖီရိုက်လိုစိတ်ဖြစ်ပြီး သေဆုံးသူဦးရေ တိုးလာနိုင်တဲ့ အခြေအနေတွေဖြစ်နေကြောင်း ဆိုပါတယ်။



အိန္ဒိယနိုင်ငံ Family Medicine and Primary Care ဂျာနယ်ရဲ့ စစ်တမ်းအရ ၂၀၁၁ ခုနှစ် အောက်တိုဘာလမှ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း ကမ္ဘာတ၀န်း ဆဲလ်ဖီရိုက်မှုတွေကြောင့် မတော်တဆဖြစ် သေဆုံးသူဦးရေ ၂၅၉ ဦးထက်မနည်းရှိခဲ့ကာ ယင်း အလားတူကာလအတွင်း ငါးမန်းကိုက်ခံရမှုကြောင့် သေဆုံးသူ ဦးရေကတော့ ၅၀ သာရှိကြောင်း နှိုင်းယှဉ်ဖော်ပြခဲ့ပါတယ်။

ယင်းမှာ အမျိုးသမီးတွေက ဆဲလ်ဖီရိုက်မှု အများဆုံးဖြစ်ကာ အမျိုးသားငယ်တွေကတော့ အန္တရာယ်များတဲ့ ဆဲလ်ဖီရိုက်မှု အများဆုံးလုပ်ခဲ့ကြောင်း၊ ဆဲလ်ဖီရိုက်ရင်း သေဆုံးမှုတွေထဲမှာ ရေနစ်မှု၊ ယာဉ်တိုက်မှု၊ အမြင့်မှ ပြုတ်ကျမှုနဲ့  ဓါတ်ပုံရိုက်ရင်း မတော်တဆဖြစ်မှုတွေကြောင့် သေဆုံးရတာဟာ ၇၅ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြခဲ့ပါတယ်။

လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံမှာ မိုဘိုင်းဖုန်းကိုင်ဆောင်သူ သန်း ၈၀၀ ရှိကာ သူတို့ ကိုယ် သူတို့  ဖုန်းနဲ့ ဓါတ်ပုံရိုက်မှုတွေကြောင့် သေဆုံးရသူ ၁၅၉ ဦးအထိ စံချိန်တင်ရှိခဲ့ပါတယ်။ ယင်းအရေအတွက်ဟာ ကမ္ဘာတ၀န်းလုံး သေဆုံးသူဦးရေရဲ့ ထက်ဝက်ကျော် ရှိနေခဲ့တာပါ။ အိန္ဒိယ လူငယ်တွေ သေဆုံးမှုအများစုဟာ ဆဲလ်ဖီရိုက်ရင်း ရထားတိုက်ခံရမှု သို့ မဟုတ် ဆဲလ်ဖီရိုက်နေစဉ် လှေမှောက်ကာ ရေနစ်သေဆုံးမှုတို့ ဖြစ်ပါတယ်။ ယင်း အခြေအနေတွေကြောင့် အိန္ဒိယ အစိုးရက ဆဲလ်ဖီမရိုက်ရနယ်မြေတွေ သတ်မှတ်ခဲ့ရပြီး မွမ်ဘိုင်းတစ်မြို့တည်းမှာပဲ ဆဲလ်ဖီမရိုက်ရနယ်မြေ ၁၆ ခု အထိ ရှိနေခဲ့ပါတယ်။

ရုရှားနိုင်ငံမှာ ဆဲလ်ဖီရိုက်ရင်း သေဆုံးသူ ၁၆ ဦးရှိပြီး အမေရိကန်ပြည်ထောင်စုနဲ့ ပါကစ္စတန်တို့ ကတော့ ၁၄ ဦး စီရှိကြပါတယ်။ ရုရှားနိုင်ငံမှာတော့ တံတားပေါ်က ပြုတ်ကျတာ၊ တိုက်အမြင့်ပေါ်က ပြုတ်ကျတာနဲ့  ဆဲလ်ဖီရိုက်နေစဉ် မြေမြှုပ်မိုင်းတွေ နင်းမိတာကြောင့် သေဆုံးကြရတာပါ။ ဒါကြောင့် ၂၀၁၅ ခုနှစ်မှာ ရုရှားရဲတပ်ဖွဲ့ က ဘေးကင်းတဲ့ ဆလ်ဖီရိုက်နည်း လမ်းညွှန်စာအုပ်တောင် ထုတ်ခဲ့ရပါတယ်။

No comments:

Post a Comment