Sunday, June 30, 2019

ဒေါ်လာဈေး ကျဆင်းလာသော်လည်း ကမ္ဘာ့ရေနံဈေး နှစ်ပတ်ကျော်အတွင်း ၁၄ ရာခိုင်နှုန်း ပြန်တက်လာခြင်းကြောင့် ပြည်တွင်း စက်သုံးဆီဈေး ရှစ်ရက်အတွင်း နှစ်ရာခိုင်နှုန်းကျော် ပြန်လည်မြင့်တက်

ဇွန်လကုန်ပိုင်းတွင် ဒေါ်လာဈေး ကျဆင်းလာသော်လည်း ကမ္ဘာ့ရေနံဈေး နှစ်ပတ်ကျော်အတွင်း ၁၄ ရာခိုင်နှုန်းပြန်တက်လာခြင်းကြောင့် ပြည်တွင်းစက်သုံးဆီဈေးများ ရှစ်ရက်အတွင်း နှစ်ရာခိုင်နှုန်းကျော် ပြန်လည်မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော ဈေးနှုန်းများအရ သိရသည်။ ကမ္ဘာ့ရေနံဈေးသည် ဧပြီ ၂၃ ရက်တွင် တစ်စည် ၆၆ ဒေါ်လာ ဝန်းကျင်အထိမြင့်တက်ခဲ့ပြီးနောက် မေ ၂၈ ရက်တွင် ၅၉ ဒေါ်လာ ဝန်းကျင်၊ ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာဝန်းကျင်အထိ ပြန်ကျခဲ့သည်။ ထို့နောက် ဇွန်လ လယ်မှစတင်ကာ ကမ္ဘာ့ရေနံဈေးပြန်လည် မြင့်တက်လာပြီး ဇွန် ၂၉ ရက်တွင် တစ်စည် ၅၈ ဒေါ်လာအထိ ရောက်ရှိခဲ့ကာ နှစ်ပတ်ကျော်အတွင်း ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။



ပြည်တွင်း စက်သုံးဆီဈေးနှုန်းသည် ဇန်နဝါရီလဆန်းမှ မေလကုန်ပိုင်းအထိ ခြောက်လနီးပါးအတွင်း တစ်လီတာ ကျပ် ၁၆၀ မှ ၂၅၅ ကျပ်အထိ ဆက်တိုက်မြင့်တက်ခဲ့ပြီး စက်သုံးဆီ အမျိုးအစားအလိုက် ၁၈ ရာခိုင်နှုန်းကျော်မှ ၃၆ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့သည်။ ထို့နောက် ကမ္ဘာ့ရေနံဈေး ကျဆင်းမှုကြောင့် မေ ၃၀ ရက်မှ ဇွန် ၂၁ ရက်အတွင်း စက်သုံးဆီအမျိုးအစားအလိုက် ၁၁ ရာခိုင်ကျော်မှ ၁၄ ရာခိုင်နှုန်းကျော်အထိ ပြန်လည်ကျဆင်းခဲ့ပြီး ဇွန် ၂၁ ရက်မှစတင်ကာ စက်သုံးဆီဈေးနှုန်းများ ပြန်လည်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ဇွန် ၂၉ ရက်တွင် ပြည်တွင်းစက်သုံးဆီဆိုင်အချို့တွင် ရောင်းချနေသောဈေးနှုန်းမှာ ဒီဇယ်တစ်လီတာ ၉၁၅ ကျပ် (တစ်ဂါလန် ၄၁၅၉ ကျပ်)၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၉၂၅ ကျပ် (တစ်ဂါလန် ၄၂၀၅ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၈၀၅ ကျပ် (တစ်ဂါလန် ၃၆၅၉ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၈၉၅ ကျပ် (တစ်ဂါလန် ၄၀၆၈ ကျပ်) ဖြစ်သည်။ ပြီးခဲ့သည့် မေ ၃၀ ရက်တွင်ဖြစ်ပေါ်ခဲ့သော စက်သုံးဆီဈေးနှုန်းများနှင့် နှိုင်း ယှဉ်ပါက တစ်လီတာ ကျပ် ၂၀ နှုန်း ပြန်လည် မြင့်တက်ခြင်းဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် ရှစ်ရက်အတွင်း ဒီဇယ်ဆီ ၂ ဒသမ ၂၃ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၂ ဒသမ ၂၀ ရာခိုင်နှုန်း၊ 92 Ron ၂ ဒသမ ၅၄ ရာခိုင်နှုန်း၊ 95 Ron ၂ ဒသမ ၂၈ ရာခိုင်နှုန်း ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။

ကမ္ဘာ့ရေနံဈေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ ထို့နောက် ရေနံဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် ၄၂ ဒေါ်လာဝန်းကျင်အထိရောက်ခဲ့ သည်။ ဇန်နဝါရီ ၂၁ ရက်တွင် ၅၄ ဒေါ်လာဝန်းကျင်၊ ဇန်နဝါရီ ၂၉ ရက်တွင် ၅၂ ဒေါ်လာ၊ မတ် ၂၀ ရက်တွင် ဒေါ်လာ ၆၀၊ ဧပြီ ၁၆ ရက် တွင် ၆၄ ဒေါ်လာ၊ ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။ ထို့နောက် ဇွန် ၁၂ ရက် တွင် ၅၁ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး ဇွန် ၂၉ ရက်တွင် ၅၈ ဒေါ်လာအထိ ပြန်လည် မြင့်တက်ခဲ့သည်။

ဒေါ်လာဈေးနှင့် ကမ္ဘာ့ရေနံဈေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း ၂၁ ရာခိုင်နှုန်း ကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန်တင်ဈေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် စံချိန်တင်ဈေးနှုန်းနောက်ပိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အနိမ့်ဆုံးဈေးနှုန်းအဖြစ် ဒီဇယ်တစ်လီတာ ကျပ် ၈၅၀ (တစ်ဂါလန် ၃၈၅၉ ကျပ်) ပရီမီယံ ဒီဇယ်တစ်လီတာ ကျပ် ၈၅၅ (တစ်ဂါလန် ၃၈၈၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၆၇၀ ကျပ် (တစ်ဂါလန် ၃၀၄၁ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၇၃၀ ကျပ် (တစ်ဂါ လန် ၃၃၁၄ ကျပ်) အထိ ကျဆင်းခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း လအလိုက်၊ စက်သုံးဆီဈေးနှုန်း (လီတာ) များအလိုက် မြင့်တက်ခဲ့သော ပမာဏများမှာ ဇန်နဝါရီတွင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ၊ ဖေဖော်ဝါရီတွင် ကျပ် ၄၀၊ မတ်တွင် ၅၅ ကျပ်မှ ကျပ်၈၀ အထိ၊ ဧပြီတွင် ၃၅ ကျပ်မှ ၆၅ ကျပ်အထိ ဈေးနှုန်း များ ဆက်လက်မြင့်တက်ခဲ့ပြီး မေတွင် အ တက်အကျနည်းပါးခဲ့ကာ ဇွန်လ (၂၁ ရက်အ ထိ) တွင် ကျပ် ၁၁၀ မှ ကျပ် ၁၃၀ အထိ ပြန် လည်ကျဆင်းခဲ့သည်။

No comments:

Post a Comment