Sunday, June 30, 2019

အောင်ဆန်းကွင်းကို ပြန်လည်အဆင့်မြှင်တင်၍ ကွင်းပတ်လည်ဆိုင်ခန်းငှားရမ်းခများ ကာလပေါက်ဈေးအတိုင်း တိုးမြှင့်ကောက်ခံမည်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အောင်ဆန်းကွင်းအား ပြန်လည်အဆင့်မြှင့်တင်မည်ဖြစ်ပြီး ကွင်းပတ်လည်ဆိုင်ခန်းငှားရမ်း ဈေးနှုန်းများကို ကာလပေါက်ဈေးအတိုင်း တိုးမြှင့်ကောက်ခံဖွယ်ရှိကြောင်း သိရသည်။ေ အာင်ဆန်းအားကစားကွင်းကို ယခင်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ ငှားရမ်းထားခဲ့ခြင်းဖြစ်ပြီး အားကစားကွင်းပတ်လည်ရှိ ဆိုင်ခန်းများအား အားကစား နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပုဂ္ဂလိကထံသို့ ပြန်လည်ငှားရမ်းခဲ့သည်။ အောင်ဆန်း အားကစားကွင်းပတ်လည်တွင် ဆိုင်ခန်းပေါင်း ၃၂၁ ခန်းရှိနေပြီး
၂ဝ၁၈-၁၉ ဘဏ္ဍာရေးနှစ်ရ ငွေစာရင်းအရ ဆိုင်ခန်းများ၏ ၁ နှစ်ငှားရမ်းခရငွေမှာ ၄၈ ဒသမ ၁၃၃ ကျပ်သန်းသာ ရှိနေသည်။ထိုငှားရမ်းခရငွေစာရင်းအရ ဆိုင်ခန်း တခန်း၏ တလငှားရမ်းခမှာ သောင်းဂဏန်းသာ ရှိနေကြောင်းနှင့် နိုင်ငံတော်မှ နှစ်စဉ်ကျပ်သိန်းပေါင်း ၂ သောင်းနီးပါး နစ်နာနေကြောင်း ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ်ဦး ကျော်ဇေယျနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးတို့က ကျင်းပပြီးစီးခဲ့သည့် လွှတ်တော်အစည်းအဝေးများတွင် ဝေဖန်ထောက်ပြခဲ့သည်။

ယင်းအချိန်က အောင်ဆန်းအားကစားကွင်းအား ပြုပြင်ဆောင်ရွက်သွားနိုင်ရေးအတွက် ပြန်လည်အပ်နှံ/လွှဲပြောင်း ရေးလုပ်ငန်းစဉ်ကို လုပ်ထုံးလုပ်နည်း နှင့်အညီဆောင်ရွက်နေပြီး အားကစား ကွင်းအဆင့်မြှင့်တင်ရေးစီမံချက်နှင့်အတူ ငှားရမ်းခများတိုးမြှင့်ကောက်ခံရန် ဆက်လက်ဆောင်ရွက် သွားမည်ဟု လူမှုရေး ဝန်ကြီးဦးနိုင်ငံလင်းက လွှတ်တော်တွင် ဖြေကြားခဲ့သည်။

သို့သော်လည်း ယခုအခါတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်လက်အောက်ရှိ အောင်ဆန်းအားကစားကွင်းအား အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနသို့ ပြန်လည်လွှဲအပ်လိုက်ပြီဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဆိုပါ အားကစားကွင်းအား ပြန်လည်အဆင့်မြှင့်တင်ရန် ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးနေကြောင်း သိရသည်။ အားကစားကွင်းအား ပြန်လည်အဆင့်မြှင့်တင်ရန် ကွင်းတခုလုံး၏ဒီဇိုင်းပြောင်းလဲသွားမည်ဖြစ်၍ ပေါ် ပေါက်လာသည့်ကွင်းဒီဇိုင်းအရ ဆိုင်ခန်းငှားရမ်းဈေးနှုန်းများ ကာလပေါက်ဈေးအတိုင်း တိုးမြှင့်ကောက်ခံမည့်အလား အလာရှိနေကြောင်း မင်္ဂလာတောင်ညွန့် မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ်ဦးလှဌေးက ပြောသည်။

''လက်ရှိအခြေအနေမှာ ဒီဆိုင်ခန်းတွေက ငှားရမ်းခအရမ်းနည်းလွန်းတယ်။ မဖြစ်နိုင်တဲ့ဈေးတွေ ဖြစ်နေတယ်ဆိုတာကိုလည်း ကျွန်တော်တို့ဆွေးနွေးထားတာရှိတယ်။ ပြုပြင်ပြောင်းလဲမှုတော့ လုပ်မှာပဲ။ နည်းလမ်းကတော့ ၂ ခုပေါ့။ တခုက ဆိုင်ခန်းဈေးနှုန်းတွေကို ကာလပေါက် ဈေးနဲ့တောင်းမယ်။ ဒါမှမဟုတ်ရင် ဒီ အခန်းတွေကို ပေးချင်မှပေးတော့မယ်။ အဲဒီနည်းလမ်း ၂ ခုက တခုသွားမှာပါ။ ပြန်မငှားတော့မယ့် အနေအထားဖြစ်လာ နိုင်တယ်ဆိုတာက ကွင်းရဲ့ဒီဇိုင်းပြောင်းရမှာ ဒီအတိုင်းထွက်မလာတော့ဘူး။ ကွင်းက ဒီဇိုင်းအသစ်ကိုဆောက်မှာဖြစ်လို့ ဒီဇိုင်းသစ်မှာက ဆိုင်ခန်းပါလာမလား၊ မပါလာဘူးဆိုတာ မသိရသေးဘူး။ ကွင်း သစ်ပြန်ဆောက်တဲ့နေရာမှာ ဆိုင်ခန်းနေရာ မပါတော့ဘူးဆိုရင် အဲဒီဆိုင်ခန်းတွေက ပြန်ရစရာအကြောင်း မရှိတော့ဘူး''ဟု ၎င်းက ပြောသည်။

လက်ရှိ အောင်ဆန်းအားကစားကွင်း၏အနေအထားမှာ အသုံးပြုရန် အဆင်မပြေတော့သည့်အခြေအနေတွင်ရှိ နေပြီး မဖြစ်မနေအသုံးပြုရန်မှတပါး ပိတ် ထားရသည့်အနေအထားဖြစ်နေ၍ အဆင့်မြှင့်တင်ရေးကို အမြန်ဆုံး အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း ဦးလှဌေးက ပြောသည်။

အောင်ဆန်းကွင်းပတ်လည်ရှိ ဆိုင်ခန်းများ၏ငှားရမ်းခမှာ နည်းပါးနေသည့်အတွက် ရရှိသည့်ငွေကြေးဖြင့် ဘောလုံးကွင်းအား ထိန်းသိမ်းစောင့်ရှောက်မှုမလုပ်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ယင်းအားကစားကွင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ ပြန်လည်ရယူကာ တိုင်းအစိုးရ၏ကြီးကြပ်မှုဖြင့် မကြာမီကာလ အတွင်း အဆင့်မြှင့်တင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ထုံးလုပ်နည်းများဖြင့် ညှိနှိုင်းဆောင်ရွက် နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဇွန်လ ၂၂ ရက်က ပြုလုပ်သော Gonyi Shophouse စီမံကိန်းရတနာပိုင်တိုင် စိုက်ထူခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

No comments:

Post a Comment