Sunday, June 30, 2019

၂၀၁၉ ခုနှစ် မေလတွင် စားသုံးသူဈေးဆနှုန်း CPI ၁၅၃ ဒသမ ၆၆ ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၉ ဒသမ ၅၇ ရာခိုင်နှုန်း မြင့်တက်

၂၀၁၉ ခုနှစ် မေလတွင် စားသုံးသူဈေးဆနှုန်း CPI ၁၅၃ ဒသမ ၆၆ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၉ ဒသမ ၅၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေအရ သိရသည်။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၁၉ ခုနှစ် မေလအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၁၆၈ ဒသမ ၇၇၊ အစား အစာမဟုတ်သောအုပ်စုအတွက် ၁၃၂ ဒသမ ၃၉ နှင့် အုပ်စုအားလုံးအတွက် ၁၅၃ ဒသမ ၆၆ ရှိပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မေလတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူဈေးဆနှုန်းနှင့် နှိုင်းယှဉ်ပါက ၉ ဒသမ ၅၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။



ယခင်နှစ်ကာလတူထက် စားသုံးသူဈေးဆနှုန်း မြင့်တက်လာခြင်းမှာ စားသုံးသူဈေးဆနှုန်း တွက်ချက်ရန်ကောက်ခံသည့် အုပ်စုအားလုံးတွင်ပါဝင်သည့် ကုန်ပစ္စည်းဈေးနှုန်းများ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာမြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၈ ခုနှစ် မေလမှ ၂၀၁၉ ခုနှစ် မေလအထိ တစ်နှစ်တာကာလအတွင်းဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းကိုလေ့လာပါက ၂၀၁၈ ခုနှစ် မေလတွင် ၁၄၀ ဒသမ ၂၄ ရှိရာမှ တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ၁၄၈ ဒသမ ၉၅ အထိမြင့် တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ်တင်ပြထားသည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းတွင်မူ မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းများ ကျဆင်းလာခြင်းကြောင့် ဆက်စပ်ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းလာခြင်း၊ ဆန်သစ်ပေါ်ချိန်ဖြစ်၍ ဈေးနှုန်းများကျဆင်းခြင်း၊ ဆောင်းရာသီဖြစ်ခြင်းကြောင့် အသီးအနှံဈေးနှုန်းများ၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းများနှင့် ကုန်ခြောက်ပစ္စည်းဈေးနှုန်းများ ကျဆင်းလာခြင်းတို့ကြောင့် စားသုံးသူဈေးဆနှုန်းမှာ အနည်းငယ်ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ၌ နိုင်ငံခြားငွေလဲနှုန်းများ ဆက်တိုက်ကျဆင်းခဲ့သော်လည်း အသား၊ ငါးနှင့် ဥဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် ရွှေဈေးနှုန်းများ မြင့်တက်နေခြင်းတို့ကြောင့် စားသုံးသူဈေးဆနှုန်း ပြန်လည်မြင့်တက်ခဲ့ရာ မေလအထိ ဆက်လက်မြင့်တက်နေသည်ကိုတွေ့ရကြောင်း သိရသည်။

၂၀၁၉ ခုနှစ် မေလတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ဖြစ်ပေါ်ခဲ့သော စားသုံးသူဈေးဆနှုန်းများကို ကြည့်ပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့ကြီးသုံးမြို့ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်) တွင် ယခင်လနှင့် နှိုင်းယှဉ်ပါက တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် မြင့်တက်ခဲ့ပြီး လအလိုက်ပြောင်းလဲမှုရာ ခိုင်နှုန်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၂ ဒသမ ၅၄ ရာခိုင်နှုန်းဖြင့် အများဆုံးမြင့်တက်ခဲ့ကာ ကချင်ပြည်နယ်တွင် ၀ ဒသမ ၃၃ ရာ ခိုင်နှုန်းဖြင့် အနည်းဆုံးမြင့်တက်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင် စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်းအမျိုးအစားများမှာ အများသုံးစွဲသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးအစားပေါင်း ၄၃၈ မျိုးပါဝင်ကြောင်း သိရသည်။ စားသုံးသူဈေးဆနှုန်းတွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာမဟုတ်သောအုပ်စုတွင် ကုန်ပစ္စည်း အမျိုးအစား ၁၆၆ မျိုးရွေးချယ်ခဲ့ပြီး စုစုပေါင်း ၂၇၄ မျိုးသို့ တိုးချဲ့ကောက်ယူတွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ထားမှုအရ သိရသည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူဈေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ် မေလအထိ တစ်နှစ်ပျမ်းမျှ ၇ ဒသမ ၈၂ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း Year on Year Inflation မှာ ၉ ဒသမ ၅၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

1 comment:

  1. ကုန်ဈေးနှုန်း ထိန်းလို့ မရ ဖြစ်နေပုံပါဘဲ။CPI အ
    လွန့်အလွန် မြင့်တက်နေမှာကို စိုးရိမ်မိတယ်။

    ReplyDelete