Sunday, June 30, 2019

နယ်စပ်တရားမဝင် ကုန်စည်ဖမ်းဆီးရေးကို ထိထိရောက်ရောက်မလုပ်နိုင်သေးဟု ဒုသမ္မ္မတပြော

တိုင်းနှင့် ပြည်နယ်များတွင် အထူးအဖွဲ့များဖြင့် နယ်စပ်ဒေသများမှ ဝင်ရောက်လာသော တရားမဝင် ကုန်ပစ္စည်းများကို ဖမ်းဆီးအရေးယူဆောင်ရွက် နေသော်လည်း လက်ရှိတွင် ထိထိရောက်ရောက် မလုပ်နိုင်သေးကြောင်း နိုင်ငံတော် ဒုတိယ သမ္မ္မတ ၁ ဦးမြင့်ဆွေကပြောသည်။ ယခုလ ၂၉ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် ၂၈ ကြိမ်မြောက် နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ ၎င်းကပြောကြား ခဲ့ခြင်းဖြစ်သည်။



"တရားမဝင်ကုန်ပစ္စည်း ဖမ်းဆီးရေးနဲ့ပတ်သက်ပြီး တော်တော်များများတော့ ခုချိန်ထိ ထိထိရောက်ရောက် မလုပ်နိုင်သေးဘူး ။ တချို့နေရာတွေဆို ဖမ်းဆီးရမိမှုဟာ ၁ လလုံး နေလို့ ၁ ခုတောင် မရှိဘူး"ဟု၎င်းကပြောသည်။

လက်ရှိတွင် တရားမဝင် ကုန်ပစ္စည်းများအား တားဆီးထိန်းချုပ်ရန်အတွက် အထူးဖွဲ့များကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတွင် ဖွဲ့စည်းထားပြီး ယခုအချိန်ထိ ဖမ်းဆီးရမိမှုမှာ ၅၉၄ ကြိမ်မှ တန်ဖိုးအားဖြင့် ၁၀ ဒသမ ၃၇၁ ဘီလီယံ ကျပ် ရရှိထားသည်။

ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်လာသော ပစ္စည်းများမှာ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်၊ အလှကုန် ပစ္စည်းများဖြစ်ပြီး ယင်းပစ္စည်းများမှာ သုံးစွဲသူများ၏ ကျန်းမာရေး ထိခိုက်စေခြင်း၊ နိုင်ငံတော်အတွက်လည်း အခွန်ဘဏ္ဍာငွေများ မရရှိစေခြင်းအပြင် ဈေးပေါပေါဖြင့် ဝင်ရောက်ခြင်းတို့ကြောင့် ပြည်တွင်းရှိ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများကို ထိခိုက်မှုများ ဖြစ်စေသည်ဟုဆိုသည်။

"တရားမဝင် ကုန်ပစ္စည်းဖမ်ဆီးရေးကို ရှိလည်း မဖမ်းတာမျိုး မဖြစ်အောင် လုံခြုံရေးပိုင်းတွေ ဘာတွေလည်းပါတယ်။ ဒါကြောင့် တချို့ကိစ္စရပ် လေးတွေ ကာကွယ်ရေး ဝန်ကြီးနဲ့ ညိုနှိုင်း ဆောင်ရွက်တာမျိုး ရှိတယ်"ဟု ဦးမြင့်ဆွေကပြောသည်။

တရားမဝင်ကုန်ပစ္စည်းများကို ဖမ်းဆီးရာတွင် ပိုမိုထိရောက်စေရန်အတွက် ယခင်က ဖမ်းဆီးရရှိမှုမှ နိုင်ငံတော် ၈၀ ရာခိုင်နှုန်း၊ သတင်းပေးသူကို ၁၀ ရာခိုင်နှုန်းနှင့် ဖမ်းဆီးပေးသည့်သူကို ၁၀ ရာခိုင်နှုန်းပေးခဲ့ရာမှ လက်ရှိတွင် နိုင်ငံတော်က ၅၀ ရာခိုင်နှုန်း ၊ သတင်းပေးသူကို ၂၀ ရာခိုင်နှုန်း နှင့် ဖမ်းဆီးပေးသူကို ၃၀ ရာခိုင်နှုန်းထိ တိုးမြင့်ပေးထားသည်ဟုဆိုသည်။

"မှောင်ခိုကိစ္စက တော်တော်လေးကို အန္တရာယ်ရှိပါတယ်။
နယ်ခြားဒေသကနေ တရားမဝင် သွင်းမယ်ဆိုရင် ကျွန်တော်တို့ စားသုံးသူကို ထိခိုက်နိုင်သလို MSME ကဏ္ဍကိုလည်း ထိခိုက်နိုင်တယ်။ အထူးသဖြင့် စိုက်ပျိုးတဲ့ တောင်သူတွေ ထိခိုက်နစ်နာတာ ရှိပါတယ်။အခုတရားမဝင် ကုန်သွယ်ရေးဟာ တရားဝင် ကုန်သွယ်ရေးထက် ထက်ဝက်နီးပါး ၄၅ ရာခိုင်နှုန်း လောက်ရှိပါတယ်"ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ကပြောသည်။

ထိုကြောင့် တရားမဝင်ကုန်ပစ္စည်းများ မှောင်ခိုဝင်ရောက်ခြင်းကို တားဆီးနေသော်လည်း အောင်မြင်မှု နည်းပါးနေသေးပြီး ထိုသို့ တားဆီးနှိမ်နင်း ရေးကို တိုင်းနှင့်ပြည်နယ်အစိုးရ ၊ဗဟိုအစိုးရနှင့် ကုန်သည်များ ပူးပေါင်းဆောင်ရွက်ရန် လိုသည်ဟု ဆိုသည်။

တရားမဝင် ကုန်သွယ်မှုများကို ထိရောက်စွာ တားဆီးနိုင်ရန် တရားဝင်ကုန်သွယ်မှု ဆောင်ရွက်သူများကို ဖြေလျော့မှုများ ဆောင်ရွက်ပေးရန်လိုအပ်မည်ဖြစ်ပြီး ဈေးကွက်တွင် တရားမဝင် ကုန်ပစ္စည်းရောင်းချသူနှင့် တင်သွင်းသူများ ကိုလည်း ထိရောက်စွာ အရေးယူမှုများ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။

No comments:

Post a Comment