Sunday, June 30, 2019

ကီလိုမီတာပေါင်းများစွာ ခရီးနှင်ပြီး ဆိုက်ဘေးရီးယားအမှိုက်ပုံသို့ အစာလာရှာသည့် ဝက်ဝံကြီး

အာဟာရပြတ်လပ်နေတဲ့ ပိုလာဝက်ဝံတကောင်ကို ဆိုက်ဘေးရီးယားနိုင်ငံ နော်ရီလက်မြို့က အမှိုက်ပုံကြီးတခုမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်က မြင်တွေ့ခဲ့ရပါတယ်။ ဒီဝက်ဝံကြီးကို မျက်မြင်တွေ့ရှိခဲ့သူတဦးက ဗွီဒီယိုရိုက်ကူးခဲ့ပြီး ဒီဗွီယိုဖိုင်အရ ဝက်ဝံဟာအမဖြစ်ပြီး သူမဟာ အင်အားနည်းကာ ဖျားနာနေပုံရပြီး အစာရှာဖို့ အမှိုက်ပုံကို ရောက်ရှိလာခဲ့ပုံရပါတယ်။ ဆာလောင်နေတဲ့ ဝက်ဝံမကြီးဟာ ဒီနေရာကို ရောက်ရှိလာဖို့အတွက် သူနေထိုင်ရာ အာတိတ်ရေခဲပြင်တွေဆီကနေ ကီလိုမီတာပေါင်းများစွာ ခရီးနှင်ခဲ့တာဖြစ်ပြီး လမ်းတလျောက် ဆာလောင် မောပန်းမှုနဲ့ ရင်ဆိုင်ခဲ့ရပုံရပါတယ်။



ဒီဒေသမှာ နှစ်ပေါင်း ၄၀ ကျော်အတွင်း ပိုလာဝက်ဝံတကောင်ကို ပထမဆုံးမြင် တွေ့ဖူးတာလို့ ဆိုက်ဘေးရီးယား မြောက်ပိုင်းမှာရှိတဲ့ နော်ရီလက် စက်မှုမြို့က ဒေသခံသဘာဝ ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်သူတဦးက ပြောပါတယ်။

ရာသီဥတုပြောင်းလဲမှုက ပိုလာဝက်ဝံတွေအတွက် နေထိုင်ကျက်စားရာ ရေခဲပြင်တွေကို ပျက်စီးစေခဲ့ပြီး ဒီအချက်ကြောင့် ဝက်ဝံတွေဟာ လူတွေနေထိုင်ရာ ဒေသတွေမှာ အစာရှာဖို့ ရောက်ရှိလာကြပါတယ်။

အခုနှစ်အစောပိုင်းကလည်း ဆာလောင်နေတဲ့ ပိုလာဝက်ဝံတွေ နေအိမ်အဆောက်အဦ တွေထံ ဝင်ရောက်အစာရှာမှုကြောင့် ရုရှားနိုင်ငံမြောက်ပိုင်းက ဧရိယာတခုမှာ အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ရပါတယ်။

No comments:

Post a Comment