Sunday, June 30, 2019

ရန်ကုန်တိုင်းအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးလာသော်လည်း လျှပ်စစ်မီး လုံလောက်စွာ ပေးနိုင်ရန်အတွက် ရင်ပူနေရကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

ရန်ကုန်တိုင်းအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးလာသော်လည်း လျှပ်စစ်မီး လုံလောက်စွာ ပေးနိုင်ရန်အတွက် ရင်ပူနေရကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇွန် ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။“ကျွန်တော်တို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်ပြုပါတယ်။ တိုင်းဒေသကြီးအစိုးရဘက်ကနေပြီးတော့ ၁၅ ရက်တစ်ကြိမ် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ထိုင်ပါတယ်။ အမေရိကန်ဒေါ်လာငါးသန်းနဲ့ ငါးသန်းအောက်တွေကို လက်ခံပါတယ်။
၁၅ ရက်တစ်ကြိမ်ကို ၁၀ ခုဝန်းကျင်လောက်ကို ကတ်ပြားတွေ ထုတ်ပေးတယ်။ အဲဒီရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတိုင်းဝင်လာတိုင်း ကျွန်တော်တို့ ရင်ပူရပါတယ်။ ဘာဖြစ်လို့လဲဆို တော့ လျှပ်စစ်ပေးနိုင်ပါ့မလား။ သူတို့ရောက်လာပြီ။ စက်ရုံတွေလည်မယ်ဆိုရင် လျှပ်စစ် သုံးရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီကဏ္ဍဍတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုရင် လျှပ်စစ်လုံလောက်ဖို့လိုပါတယ်။ စက်မှုဇုန်တွေ အဆင့် မြှင့်တင်ဖို့လိုပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ထို့ပြင် ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ရင်းနှီးမြှုပ်နှံလိုသူ အများအပြားလာရောက်ကြောင်း၊ လျှပ်စစ်ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်ပြီး လျှပ်စစ်တစ်ယူနစ်ဈေးနှုန်းသည် လာရောက်ရင်းနှီးမြှုပ်နှံသူနှင့် ညှိနှိုင်းရာတွင် အဆင်မပြေကြောင်း၊ လျှပ်စစ်ထုတ်လုပ်မှုအပိုင်းတွင် ရေအားလျှပ်စစ်ထုတ်လုပ်မှုအပိုင်းသည် ဈေးနှုန်း အသက်သာဆုံးဖြစ်ကြောင်း၊ ကျောက်မီးသွေး၊ အပူတို့ဖြင့် ထုတ်လုပ်မှုသည် ဒုတိယအသက်သာဆုံးဖြစ်ပြီး တတိယအသက်သာဆုံးသည် ဂက်စ်ဖြင့် ထုတ်လုပ်သည့်အပိုင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။“ကျွန်တော်တို့ဆီမှာ ရေအားလျှပ်စစ်နဲ့ လည်ပတ်နေတဲ့ စက်ရုံတွေလည်း ရှိပါတယ်။ တစ်ဖက်ကလည်း ဂက်စ်နဲ့လည်ပတ်ပြီး ထုတ်ပေးနေတာတွေရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မလုံလောက်ပါဘူး။ မလုံလောက်တဲ့အတွက် ထပ်ပြီးတိုးမြှင့်ဆောင်ရွက်ရမယ့် အခြေအနေရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က ပြည်ထောင်စုက ရန်ကုန်မှာလျှပ်စစ် ဖြန့် ဖြူးဖို့ဆိုပြီး တစ်ယူနစ်ကို ၆၀ ကျပ်နဲ့ ရောင်းပါတယ်။ အဲဒီဟာကိုမှ ကျွန်တော်တို့က တစ် ယူနစ်ကို ၃၅ ကျပ်ကနေ စက်မှုဇုန်တွေကို ရောင်းချနေတဲ့ ၁၅၀၊ ၁၇၅ ကျပ်ဆိုတဲ့ နှုန်းထားတွေနဲ့ ရောင်းခဲ့ရပါတယ်”  ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ထိုသို့ရောင်းချရမှုကြောင့် ပထမဦးဆုံး တာဝန်ယူခဲ့သည့်နှစ်တွင် ကျပ်ဘီလျံ  ၃၀ဝ နိုင်ငံတော်က စိုက်ခဲ့ရကြောင်း၊ လျှပ်စစ် ထုတ်လုပ်မှုမဂ္ဂါဝပ် ၁၆၀ဝ ထုတ်လုပ်မှုရှိပါက မဂ္ဂါဝပ် ၁၃၀ဝ ကျော်သည် ရန်ကုန်တိုင်းက သုံးစွဲနေကြောင်း၊ လျှပ်စစ်ထုတ်လုပ်မှု ပိုများ လာသည်နှင့်အမျှ စိုက်ထုတ်ရသည့် ငွေကြေး ပမာဏပိုများလာကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။“လျှပ်စစ်ထုတ်လုပ်တာ တစ်မဂ္ဂါဝပ် ထွက်တယ်ဆိုရင် သွယ်တန်းပြီး အိမ်အထိ မီးထွန်းဖို့ရမယ်ဆိုရင် တစ်ဘီလျံလောက် သွယ်တန်းခရှိပါတယ်။ တစ်ရာမဂ္ဂါဝပ် ထုတ်မယ်ဆိုရင် ၁၀ဝ ဘီလျံလောက် သွယ်တန်း ရေးလုပ်ရပါမယ်။ ထုတ်လုပ်တဲ့အပိုင်းကို မဆိုလိုသေးပါဘူး။ ဒါကြောင့်မို့လို့ လျှပ်စစ်က များများသုံးရင် များများရှုံးမယ်ဆိုတဲ့အတွက် ကျွန်တော်တို့ဆီကို လာပြီးရင်းနှီးမြှုပ်နှံချင်တဲ့ သူတွေရှိပေမယ့် ကျွန်တော်တို့က ဒီအရှုံးဒဏ်အတွက် တစ်ယူနစ်ဝယ်ယူမယ့် ဈေးနှုန်းကျရင် အဆင်မပြေမှုတွေနဲ့ ကြုံရပါတယ်။ ပေးနိုင်တဲ့ဈေး တအားနည်းနေတယ်။ အရင်းတောင်မရဘူးဆိုတဲ့အတွက် မလုပ်နိုင်ဘူးဆိုတဲ့ အခြေအနေဖြစ်နေပါတယ်။ ဈေးနှုန်းမျှတနိုင်ရင် ပြည်သူတွေကို ဝန်ဆောင်မှုကောင်းကောင်းနဲ့ လိုအပ်သလောက် ပေးနိုင်ဖို့အတွက် ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ ဒီအခြေအနေအတွက်လည်း ပြည်ထောင်စု အစိုးရဘက်က ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ပါတယ်”  ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

No comments:

Post a Comment