Sunday, June 30, 2019

ပင်လယ်စင်ရော်နှစ်ကောင်ကြောင့် အိမ်အပြင်မထွက်ရဲသည့် အင်္ဂလန်သက်ကြီးစုံတွဲ

အိမ်ခေါင်မိုးအပေါ် အသိုက်လာဆောက်တဲ့ ပင်လယ်စင်ယော်စုံတွဲကြောင့်ဗြိတိန်က အဖိုးအဖွားစုံတွဲ တတွဲဟာ ကိုယ်ပိုင်အိမ်မှာပင် ဓားစာခံတွေလို နေထိုင်ခဲ့ရတယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။ အကြောင်းကတော့ ဒီအဖိုးနဲ့အဖွားဟာ သူတို့အိမ်တံခါးကနေ အပြင်ထွက်ဖို့လုပ်တိုင်း ရန်လိုတဲ့ ငှက်နှစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းနဲ့ အမြဲရင်ဆိုင်နေရလို့ပဲဖြစ်ပါတယ်။



ရိုင်းနဲ့ ဘရန်ဒါပတ်ထရစ်တို့စုံတွဲဟာ လန်ကာရှိုင်းယားအရပ်မှာ နေထိုင်ကြသူတွေပါ။ သူတို့နှစ်ဦးရဲ့ ဒုက္ခက သူတို့အိမ်ရှေ့တံခါးတည့်တည့်မှာ ပင်လယ်စင်ရော်နှစ်ကောင်က အသိုက်လာ ဆောက်တာကနေစတင်ခဲ့ပြီး သူတို့တံခါးဖွင့်ဖို့ကြိုးစားတိုင်း ငှက်နှစ်ကောင်က လာရောက်တိုက်ခိုက်လေ့ရှိပါတယ်။

တကြိမ်မှာဆိုရင် ငှက်တွေကြောင့် အသက် ၇၁ နှစ်အရွယ်အဖိုးရိုင်းရဲ့ ခေါင်းအနောက်ဘက်မှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတက်ကုသမှုတောင် ခံယူခဲ့ရပါတယ်။

“ကျနော်အိမ်ရှေ့တံခါးကို ရောက်ပြီဆိုတာနဲ့ ဒီငှက်နှစ်ကောင်က လာရောက် တိုက်ခိုက်တော့တာပါပဲ။ ဒါကအရမ်းကိုဆိုးရွားပါတယ်။ ကျနော့်အမျိုးသမီးကလည်း ဒီရက်ပိုင်းမှာ နာမကျန်းဖြစ်နေတာကြောင့် အပြင်ထွက်ဈေးဝယ်ဖို့ကို ကျနော်ကပဲလုပ်ဆောင်ရပါတယ်” လို့ အဖိုးအို ရိုင်း ကပြောပါတယ်။

ရိုင်းတို့စုံတွဲဟာ ဒီကိစ္စကို ဒေသခံအာဏာပိုင်တွေနဲ့ တိရိစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့တွေကို အကြောင်းကြားခဲ့ပေမယ့် သူတို့ရဲ့ဖြေရှင်းပေးမှုက ဒီသက်ကြီးစုံတွဲအတွက် အထောက်အကူတော့ မဖြစ်ခဲ့ပါဘူး။

သားပေါက်ရာသီမှာ ဒီငှက်တွေကို စောင့်ရှောက်ပေးရမယ့် တာဝန်ရှိနေတာကြောင့် ဒီအဖွဲ့အစည်းတွေဟာလည်း ငှက်သိုက်ကို မဖယ်ရှားပေးနိုင်ခဲ့ဘဲ သားပေါက်ပြီး ငှက်တွေပျံသန်းသွားတဲ့အချိန်အထိ စောင့်ဆိုင်းနေဖို့ ရိုင်းတို့စုံတွဲကို အကြံပြုရုံပဲ ပြုနိုင်ခဲ့ပါတယ်။

ရိုင်းတို့စုံတွဲအတွက် ကံကောင်းတဲ့တချက်ကတော့ သူတို့ကားဂိုဒေါင်နဲ့ သူတို့အိမ်ထွက်ပေါက်ကို ဆက်စပ်ထားတဲ့ တံခါးပေါက်တပေါက်ရှိနေတာဖြစ်ပြီး ငှက်တွေ အကောင်ပေါက်ပြီး ပျံသန်းသွားတဲ့အချိန်ထိတော့ သူတို့ဟာ ဒီအပေါက်ကိုပဲ အသုံးပြုရဦးမှာ ဖြစ်ပါတယ်။

No comments:

Post a Comment