Sunday, June 30, 2019

ဆေးဝါး ထုတ်လုပ်မှုကဏ္ဍဍတွင် တိုးတက်မှုရှိသော အိန္ဒိယနိုင်ငံရှိ ဆေးဝါးလုပ်ငန်းများ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံရန် ကျန်းမာရေးဝန်ကြီးဌာနထံ ကမ်းလှမ်း

လက်ရှိ ဆေးဝါးထုတ်လုပ်မှုကဏ္ဍဍတွင် တိုးတက်မှုရှိနေသော အိန္ဒိယနိုင်ငံရှိ ဆေးဝါးလုပ်ငန်းများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ ကမ်းလှမ်းထားကြောင်း  သိရသည်။ ဇွန် ၂၈ ရက်က နေပြည်တော်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ တွေ့ဆုံရာတွင် ၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားကို နေပြည်တော်၌ ကျင်းပပြုလုပ်သွားရန် လျာထားစီစဉ်ထားကြောင်း၊ အိန္ဒိယနိုင်ငံမှ ဆေးဝါးလုပ်ငန်းများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုကြောင်း၊ အဆိုပါဆေးဝါးများကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ခြင်း၊ ခွင့်ပြုချက်ရယူခြင်း၊ မှတ်ပုံတင်ခြင်းလုပ်ငန်းများ လွယ်ကူစေရေး ပံ့ပိုးပေးစေလိုကြောင်း၊ ကင်ဆာရောဂါကို ဓာတ်ရောင်ခြည်အသုံးပြု၍ ကုသသည့် Bhabhatron II စက်ကိုလည်း ဝန်ကြီးဌာနထံ ပေးအပ်ရန်ရှိကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။



“ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာသို့ ဘွဲ့လွန်၊ မဟာဘွဲ့၊ ပါရဂူဘွဲ့ သင်တန်းတွေ တက်ရောက်ဖို့ ပိုမိုတိုးမြှင့်စေလွှတ်ဖို့ရှိပြီး အိန္ဒိယနိုင်ငံကိုလည်း ဝန်ကြီးဌာနက ပညာတော်သင်များလည်း စေလွှတ်သွားမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက ဆေးဝါးတွေ မှတ်ပုံတင်ခြင်းလုပ်ငန်းတွေ အဆင်ပြေစေဖို့ကို လည်း ဆောင်ရွက်ပေးသွားမှာပါ” ဟု ပြည်ထောင်စုဝန် ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။


၂၀၁၈ ခုနှစ် စက်တင်ဘာလက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသဆိုင်ရာ နိုင်ငံများ၏ ၇၁ ကြိမ်မြောက် ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး၏ ဝန်ကြီးအဆင့်အစည်းအဝေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အိမ်နီးချင်း ဆေးဝါးထုတ်လုပ်သည့် နိုင်ငံများမှ အရည်အသွေးပြည့်မီသော ဆေးဝါးများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေး နည်းပညာပိုင်းဆိုင်ရာ အကူအညီများပေးရန် ဆွေးနွေးခဲ့ပြီးဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှု စနစ် ရရှိစေရေးအတွက် အကောင်အထည်ဖော်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍဍဖြစ်သည့် Access to Essential Medical Products လုပ်ငန်းစဉ်များအား အမျိုးသားကျန်းမာရေးစီမံချက်၌ ထည့်သွင်းရေးဆွဲထားကြောင်း၊ မြန်မာနိုင်ငံ၏ ဆေးရုံများတွင် လိုအပ်သည့် ဆေးဝါးပစ္စည်းများ၏ ၇၀ ရာခိုင်နှုန်းခန့်ကို နိုင်ငံတော်အစိုးရက အခမဲ့စနစ်ဖြင့် ထောက်ပံ့ထားကြောင်း၊ ဆေးဝါးပစ္စည်းများ စနစ်တကျသိုလှောင်၊ သိမ်းဆည်းဖြန့်ဖြူးနိုင်ရေးနှင့် လိုအပ်ချက်များကို စနစ်တကျ မှာယူနိုင်ရေးနှင့် အလေအလွင့် နည်းပါးရေးအတွက် ကွန်ပြူတာအခြေပြု Supply Change Managemnet System တစ်ခုတည်ဆောက်ရန် ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ ကူညီပေးရန်နှင့် အိမ်နီးချင်း ဆေးဝါးထုတ်လုပ်သည့် နိုင်ငံများမှလည်း အရည်အသွေးပြည့်မီသော ဆေးဝါးများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေး နည်းပညာပိုင်းဆိုင်ရာ ကူညီပေးစေလိုကြောင်း တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ဝန်ကြီးဌာနမှာ ၁၆ ခုတင်ဆံ့ ဆေးရုံမှ ၂၀ဝ၀ ခုတင်ဆံ့ဆေးရုံအထိ ဆေးရုံပေါင်း ၁၁၄၄ ရုံရှိပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ်မှာ ဆေးဝါးဝယ်ယူဖို့အတွက် ၁၂၀ ဘီလျံ ကျပ်၊ ဆေးပစ္စည်းကိရိယာ ဝယ်ယူဖို့အတွက် ၆၄ ဘီလျံကျပ် လျာထားခဲ့ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ဝန်ကြီးဌာနအနေဖြင့် ဆေးနှင့် ဆေးပစ္စည်းကိရိယာများလိုအပ်ချက် ခန့်မှန်းတွက်ချက်ခြင်း၊ ဝယ်ယူခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်း၊ ဖြန့်ဖြူးခြင်း စသည့်တို့ကို စနစ်တကျ တိကျစွာ စီမံဆောင်ရွက်နိုင်ရန် ‘အမျိုးသား အဆင့် ဆေးနှင့် ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးမှု မဟာဗျူဟာ လက်တွေ့အကောင်အထည်ဖော်မှု လုပ်ငန်း စီမံကိန်း’ ကို ရေးဆွဲချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

No comments:

Post a Comment