Sunday, June 30, 2019

ရန်ကုန်က ဟံသာဝတီကို အနိုင်ယူပြီး မြန်မာလိဂ် အမှတ်ပေးဇယားထိပ်ဆုံးရောက်

 မြန်မာလိဂ် ပွဲစဉ် (၁၄) ဒုတိယရက်တွင် လက်ရှိချန်ပီယံ ရန်ကုန်အသင်းက အဝေးကွင်း၌ ဟံသာဝတီကို ၁-၀ ဂိုးဖြင့် အနိုင်ရပြီး အမှတ်ပေးဇယား ထိပ်ဆုံးသို့ ပြန်လည် ရောက်ရှိခဲ့သည်။ ဇွန်လ ၂၉ ရက်က ပဲခူးမြို့ဂရင်းရွိုင်ရယ်ကွင်း၌ ကျင်းပသည့် မြန်မာလိဂ် ပွဲစဉ် (၁၄) တွင် ဟံသာဝတီနှင့် ရန်ကုန်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သည်။ ထိပ်ဆုံးနှစ်သင်း တွေ့ဆုံမှုဖြစ်သဖြင့် ပွဲကောင်းဖြစ်ခဲ့ပြီး ပထမပိုင်း၌ နှစ်သင်းစလုံး ဂိုးသွင်းခွင့် များရသော်လည်း နှစ်ဖက်ဂိုးသမားများ ကာကွယ်နိုင်သဖြင့် ဂိုးမရှိသရေဖြင့်သာ ပြီးဆုံးခဲ့သည်။



ဒုတိယပိုင်း ပွဲချိန် ၄၇ မိနစ် တွင် ရန်ကုန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို တိုက်စစ်မှူးသန်းပိုင်က ခေါင်းတိုက်သွင်းယူခဲ့သည်။ လက်ကျန်မိနစ် များ၌ ဟံသာဝတီအသင်းက ချေပဂိုးရရှိရန် တိုက်စစ်မြှင့်တင်သော် လည်း ရန်ကုန်နောက်တန်းနှင့် ဂိုးသမားကို ကျော်ဖြတ်နိုင်ခြင်း မရှိသဖြင့် အိမ်ကွင်း၌ ရမှတ်ဆုံး ရှုံးခဲ့သည်။

ပွဲစဉ်(၁၃) အပြီးတွင် အမှတ်ပေးဇယားကို ဦးဆောင်ထားသည့် ဟံသာဝတီအသင်းသည် ယခုပွဲအ ရှုံးကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ရန်ကုန်အသင်း ထံ လွှဲပြောင်းပေးခဲ့ရသည်။ မြန်မာလိဂ်ပွဲစဉ်(၁၄)အခြားပွဲစဉ်များ တွင် ဆောက်သမ်းက ချင်းလန်းအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရပြီးမကွေးနှင့် ရခိုင်အသင်းပွဲတွင် တစ်ဂိုးစီ သရေကျခဲ့သည်။

မြန်မာလိဂ် ပွဲစဉ် (၁၄) ဒုတိယရက် ပွဲစဉ်များအပြီး ရန်ကုန်အသင်းက ရှစ်ပွဲနိုင်၊ သုံးပွဲသရေ၊ နှစ်ပွဲရှုံး ရမှတ် ၂၇ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်ထားသည်။   ပွဲစဉ် (၁၄) နောက်ဆုံးရက်အဖြစ် ဇွန်လ ၃၀ ရက် (ယနေ့)တွင် ဧရာဝတီနှင့် ရတနာပုံ၊ ရှမ်းနှင့် စစ်ကိုင်း၊ ဇွဲကပင်နှင့် ဒဂုံအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

No comments:

Post a Comment