Wednesday, May 22, 2019

အီရန်ကို စစ်သင်္ဘောများနှင့်လှမ်းထောက် တရုတ်ကို ဟွာဝေးနှင့်ပါလှမ်းခြောက်သည့် အမေရိကန်

"အမေရိကန်ကို နောက်တစ်ခါခြိမ်းခြောက်လျှင် အီရန်နိုင်ငံ တရားဝင်အဆုံးသတ်သွားတဲ့နေ့ရောက်လာလိမ့်မယ်"ဟု သမ္မတဒေါ်နယ် ထရမ့်က သတိပေးလိုက်သည့်သတင်းများ ကမ္ဘာပေါ် ပလူပျံသွားသည့်ရက်မှာပင် တရုတ်၏နည်းပညာပဂေး ဟွာဝေးကို ထရမ့်၏စည်း မျဉ်းအရ ဂူဂဲလ်ကုမ္ပဏီကြီးက အန်းဒရွိုက်စနစ် ပေးမသုံးနိုင်တော့ဟူသည့် သတင်းလည်း ထွက်ပေါ်ရိုက်ခတ်သွားသည်။



အီရန်ကို သတိပေးလိုက်သည့်သတင်းမျိုးကား သိပ်မဆန်းတော့။ လေယာဉ်တင် သင်္ဘောတစ်စင်းပါ တိုက်ခိုက်ရေးရေယာဉ်စု နှင့် ဗုံးကြဲလေယာဉ်အုပ် ပို့လွှတ်ထားသည့်တိုင် စစ်တိုက်ရန်တော့ မရည်ရွယ်ကြောင်း လေသံပျော့ပျောင်းခဲ့ပြီးမှ အီရန်နိုင်ငံဖျက်ဆီးခံရမည် ဟု လေသံမာခဲ့ရခြင်းက အကြောင်းရှိသည်။ မေ ၁၉ ရက်ညပိုင်းက အီရတ်မြို့တော် ဘဂ္ဂ ဒက်ရှိ အမေရိကန်သံရုံးတည်ရာ လုံခြုံရေးဇုန် အတွင်း ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့်ဖြစ်သည်။

ပစ်သည့်နေရာက အီရန်ထောက်ခံသည့် ရှီးယိုက်စစ်သွေြးွကတို့ ကြီးစိုးရာနေရာကဟု ယူဆကြောင်းအီရတ်စစ်ဘက်ကဆိုသည်။ သံရုံးနှင့်တစ်မိုင်ခန့်ဝေးသည့်နေရာက စွန့်ပစ် အဆောက်အအုံ၌ ဒုံးကျည်ကျခြင်းဖြစ်စေကာမူ အမေရိကန်တို့က ရန်စမှုဟုယူဆကာ ပြင်းပြင်း ထန်ထန် သတိပေးခဲ့ခြင်းဖြစ်သည်။ အီရန် ဘက်က မေ ၁၉ နေ့ပိုင်းကပင် စစ်မဖြစ်လို ကြောင်း အစ္စလာမ္မစ်တော်လှန်ရေးအစောင့် တပ်မှူး ဗိုလ်ချုပ်တစ်ဦးက ပြောဆိုထားသည်။ သို့သော် ၎င်းကပင် အမေရိကန်သည် စစ်ဖြစ် ရမည်ကိုစိုးရွံ့နေကြောင်း၊ စစ်တိုက်ရန် ဆန္ဒမရှိ ကြောင်းလည်း ထေ့ငေါ့ထားသည်မို့ ဘဂ္ဂဒက် သံရုံးနှင့်တစ်မိုင်ခန့်တွင် ဒုံးကျည်တစ်လုံးကျရုံ နှင့် ထရမ့်က အပြင်းထန်ဆုံးပြန်သတိပေးခဲ့ပုံ ရသည်။

၂၀၁၅ ခုနှစ်က အီရန်နှင့် နိုင်ငံကြီးများ အကြား ချုပ်ဆိုခဲ့သည့် အီရန်နျူကလီးယား အရေး ပူးပေါင်းအစီအစဉ်မှ သမ္မတထရမ့်က အမေရိကန်ကိုပြန်ဆွဲထုတ်ကာ အီရန်အပေါ် ပိတ်ဆို့မှုများ တစ်ဖန်ပြုလုပ်ခဲ့၍ တင်းမာမှုမြင့် တက်လာခြင်းက အဆင့်တစ်ခုတွင် ရှေ့မတိုး နောက်မဆုတ်ဖြစ်နေသည်။ အကြမ်းဖျင်း အားဖြင့် ၂၀၁၅ စာချုပ်တွင် အီရန်၏တာတိုပစ် ဒုံးကျည်အရေးကိုပါ အမေရိကန်က ထည့်သွင်း ထိန်းချုပ်လိုပြီး အီရန်က မူလအတိုင်းထားလို သည်။ ယခုတော့ အီရန်ကပါ စာချုပ်ကို မလိုက်နာဘဲ နျူကလီးယားလက်နက်ထုတ်လုပ်နိုင်သည့်အဆင့်အထိ ယူရေနီယမ်သန့် စင်မှုပြုလုပ်မည်ဟု ခြိမ်းခြောက်ထားသည်။

အီရန်တို့သည် တာတိုပစ်ဒုံးကျည်များကို ရေယာဉ်ငယ်များဖြင့် သယ်ဆောင်လှုပ်ရှား နေကြောင်း စွပ်စွဲလျက် အမေရိကန်ရေတပ် လေတပ်များပို့လွှတ်ခဲ့ခြင်းဖြစ်ကာ ယင်းနောက် ယူအေအီးကမ်းလွန်တွင် ဆော်ဒီရေနံတင် သင်္ဘောနှစ်စင်းအပါအဝင် သင်္ဘောလေးစင်း တိုက်ခိုက်ခံရမှု၊ ဆော်ဒီရေနံပိုက်လိုင်းတစ်ခု ဒရုန်းဖြင့်အတိုက်ခံရမှုသတင်းများ ထွက်ခဲ့ပြီး ယင်းတို့လက်သည်က အီရန်ထောက်ပံ့သည့် သူပုန်အုပ်စုများလက်ချက်ဟု အမေရိကန်နှင့် ၎င်းမဟာမိတ်များက ဆိုထားသည်။

ယခုဘဂ္ဂဒက်တွင် ဒုံးကျည်ကျသည့်ကိစ္စ အီရန်နိုင်ငံကျေပြုန်းသွားနိုင်ကြောင်း ထရမ့်၏သတိပေးချက်ကို လူမျိုးပြုတ်မတတ် မခံချင် အောင် ပြောဆိုခြိမ်းခြောက်မှုအဖြစ် အီရန်နိုင်ငံ ခြားရေးဝန်ကြီး ဂျာဗက်ဇာအစ်ဖ်က ကင်ပွန်း တပ်လိုက်ပြီး အလုပ်မဖြစ်ဟု ပယ်ချလိုက်ကာ အီရန်ကိုမခြိမ်းခြောက်ရန် တန်ပြန်သတိပေးလိုက်သည်က အီရန်နှင့်အမေရိကန်အကြား နောက်ဆုံးအခြေအနေဖြစ်သည်။ အပြန်အလှန် လေလုံးထွားမှုများနှင့် အမှန်တကယ်ပေါက် ကွဲမသွားရန် စောင့်ကြည့်နေရသည့် ဖြစ်ရပ် တစ်ခုပင်။

ဤသို့ဖြင့်အရှေ့အလယ်ပိုင်းတွင် တင်းမာမှု မြင့်တက်နေစဉ် အမေရိကန်နည်းပညာ ကုမ္ပဏီကြီး ဂူဂဲလ်က ၎င်း၏အန်းဒရွိုက်စနစ် အသုံးပြုခွင့်ကို တရုတ်ဟွာဝေးအား ကန့်သတ် လိုက်သည့်သတင်းကလည်း ကမ္ဘာကိုရိုက်ခတ်စေခဲ့ပြန်သည်။ ဟွာဝေးအပေါ် ထရမ့်အစိုးရက စတင် ကန့်သတ်ခြင်းဖြစ်၍ ယင်းသည် အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲ၏ နည်းပညာမျက် နှာစာထိုးနှက်ချက်တစ်ရပ်ဟုလည်း ရှုမြင်ကြ သည်။ အမေရိကန်သည် ပဉ္စမမျိုးဆက်မိုဘိုင်းလ် ဖုန်း 5G နည်းပညာတွင် ကမ္ဘာကို ဟွာဝေး အုပ်စီးသွားမိမည်ကို အလွန်စိုးရိမ်နေသည်။

တစ်ဖက်မှာတော့ ထရမ့်လက်ထက် အမေ ရိကန်နှင့်အစေးမကပ်သော ဥရောပနိုင်ငံကြီး တချို့က 5G ကွန်ရက်တည်ဆောက်ပေးရန် ဟွာဝေးနှင့်စာချုပ်ချုပ်ထားသည်။

သို့ဖြစ်ရာ ဟွာဝေးအတွက် ကမ္ဘာကြီး၏ဆက်သွယ်ရာ အဓိကမောင်းတံကို ဂူဂဲလ်က ဖြုတ်ချလိုက်ခြင်းဖြင့် ဟွာဝေးနှင့်ကမ္ဘာကြီး အဆက်ပြတ်သွားမည်လား၊ ကိုယ်ပိုင်စနစ် တစ်ရပ်ဖြင့် ဟွာဝေးက ကမ္ဘာကြီးနှင့်ဆက်စပ်မြဲ ဆက်စပ်ကာ အိုင်ဖုန်းရောင်းအားကိုကျော်တက်ခဲ့သလို အနိုင်ယူနိုင်မည်လား စိတ်ဝင်စား ဖွယ်စောင့်ကြည့်နိုင်မည်ဖြစ်ပါကြောင်း။

No comments:

Post a Comment