Wednesday, May 22, 2019

နျူကလီးယားစစ်ပွဲအန္တရာယ် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်နေဟုဆို

နျူကလီးယားလက်နက်များ အသုံးပြုမှုအန္တရာယ်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်နေကြောင်း ကုလသမဂ္ဂမှ ကျွမ်းကျင်သူက ပြောကြားလိုက်ပါတယ်။ UN Institute for Disarmament Research (UNIDIR) ရဲ့ ညွန်ကြားရေးမှူး Renata Dwan က မေ ၂၁ ရက်မှာ ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ကမ္ဘာက ပိုမိုအလေးထားရမယ့် အရေတကြီး ကိစ္စရပ်တစ်ခု ဖြစ်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့နိုင်ငံအားလုံးက ၎င်းတို့ရဲ့ နျူကလီးယားအစီအစဉ်တွေကို ခေတ်မီစေရန် လုပ်ဆောင်နေကြပြီး လက်နက်ထိန်းချုပ်ရေးကဏ္ဍဟာလည်း ပြောင်းလဲနေတယ်လို့ ဆိုပါတယ်။



လက်နက်ထိန်းချုပ်ရေးကဏ္ဍ ပြောင်းလဲလာခြင်းဟာ တရုတ်နဲ့အမေရိကန်ကြား မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုတွေကြောင့်လည်း တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ Renata Dwan က သုံးသပ်ပြောကြားခဲ့ပါတယ်။ ယခင်က အစဉ်အလားအတိုင်း သဘောတူထားခဲ့ကြတဲ့ လက်နက်ထိန်းချုပ်ရေး အစီအစဉ်တွေဟာ စစ်ပွဲပုံစံသစ်တွေရဲ့ အရေးပေါ်အခြေအနေကြောင့် ခိုင်မာအားကောင်းမှု ဆုတ်ယုတ်လျော့ပါးလာခဲ့တယ်လို့ သူမက ဆိုပါတယ်။

ထို့အတူ လက်နက်ကိုင်အုပ်စုများပျံ့နှံ့လာမှုနဲ့ ပုဂ္ဂလိတပ်ဖွဲ့များနဲ့ နည်းပညာတို့ကလည်း တိုက်ခိုက်ခြင်းနဲ့ ခုခံကာကွယ်ခြင်းကြား ရပ်တည်ချက်ကို ဝေဝါးလာစေကြောင်း Renata Dwan က ဂျနီဗာမြို့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၂၂ နိုင်ငံက လက်မှတ်ရေးထိုးခဲ့ကြတဲ့ နျူကလီးယားလက်နက် ပိတ်ပင်ရေးသဘောတူညီချက်အရ လက်နက်ဖျက်သိမ်းရေး ဆွေးနွေးမှုတွေဟာ ဆယ်စုနှစ် နှစ်ခုကြာ မတိုးသာမဆုတ်သာ ဖြစ်နေခဲ့တယ်လို့ဆိုပါတယ်။

"ဒီကိစ္စကို ပြန်အလေးထား အသိအမှတ်ပြုဖို့ တစ်ကယ်ကို တိုက်တွန်းရမှာပါ၊ မီဒီယာတွေမှာလည်း ဒီကိစ္စတွေကို သတင်းဖော်ပြမှုက အတော်လေးကို မရှိသလောက် ဖြစ်နေပါတယ်၊ အခုအချိန်မှာ နျူကလီးယားစစ်ပွဲအန္တရာယ်က မြင့်တက်နေပါတယ်၊ နျူကလီးယားလက်နက်အသုံးပြုမှု အန္တရာယ်တွေက ကျွန်မ ထောက်ပြရမယ်ဆိုရင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အချိန်တွေထက် ပိုမြင့်နေပါတယ်" လို့ Renata Dwan က ပြောပါတယ်။

နျူကလီးယားလက်နက် ပိတ်ပင်ရေးသဘောတူညီမှု Treaty for the Prohibition of Nuclear Weapons ကို International Campaign to Abolish Nuclear Weapons (ICAN) က အားပေးထောက်ခံမှုဖြင့် ကမ္ဘာ့နိုင်ငံတွေက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ICAN အဖွဲ့အစည်းဟာ ၂၀၁၇ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုကိုလည်း ရရှိခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

No comments:

Post a Comment