Wednesday, May 22, 2019

တွေ့ဆုံမည့်နေရာ ညှိမရ၍ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ ဆွေးနွေးပွဲရွှေ့ဆိုင်း

အစိုးရနှင့် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့ဖြစ်သည့် ကချင်အဖွဲ့(KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA)တို့ ဆွေးနွေး ပွဲကို ကျင်းပမည့်နေရာ ညှိနှိုင်းမရ၍  ရွှေ့ဆိုင်းကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွန်ဂျာက ပြော သည်။ အစိုးရနှင့် မြောက်ပိုင်းလက် နက်ကိုင်လေးဖွဲ့ဆွေးနွေးပွဲကို မေလ ၂၄ ရက်နှင့် ၂၅ ရက်တွင် ကျင်းပရန် သဘောတူထားသည်။ ဆွေးနွေးပွဲကို ပန်ဆန်း (သို့ မဟုတ်) မူဆယ်မြို့၌ ကျင်းပလို ကြောင်း မြောက်ပိုင်းလက်နက် ကိုင်လေးဖွဲ့က အဆိုပြုပြီး အစိုးရ က လားရှိုးမြို့၌ ကျင်းပလိုကြောင်းအဆိုပြုရာ ညှိနှိုင်းမရခဲ့ပေ။



‘‘မနေ့ကကျတော့ မူဆယ် မဟုတ်ဘူး။ လားရှိုးမှာ ပြန်လုပ်ဖို့ အတွက် ပြောတဲ့အပေါ်မှာ မြောက်ပိုင်းအဖွဲ့က အဲဒီဘက်တော့ လက်မခံဘူး။ သူတို့က မူဆယ်မှာပဲ လုပ်မယ်ဆိုတာ ဖြစ်သွားတဲ့အခါကျ တော့ ရက်ကို ပြန်ရွှေ့ပြီး နေရာအတိအကျ ပြန်ညှိနှိုင်းဆောင်ရွက် နေတဲ့ အချိန်ဖြစ်ပါတယ်’’ ဟု ဦးလမိုင်ဂွန်ဂျာက မေလ ၂၁ ရက်တွင် ပြောကြားသည်။

မြောက်ပိုင်းလေးဖွဲ့စုဖွဲ့မှု တွင် တပ်မတော်နှင့် တိုက်ပွဲဖြစ် ပွားနေသည့် AA လည်း ပါဝင်မည် ဖြစ်ရာ တိုင်းရင်းသားအဖွဲ့များက ၎င်းတို့သွားလာရေးအတွက် စိုးရိမ်မှု ရှိကောင်းရှိနေနိုင်ကြောင်း ဦးလမိုင်ဂွန်ဂျာက ပြောသည်။ အစိုးရနှင့် မြောက်ပိုင်းလက် နက်ကိုင်လေးဖွဲ့သည် ဧပြီ ၃၀ ရက်က မူဆယ်မြို့၌ တွေ့ဆုံဆွေးနွေး ခဲ့ရာ Bilateral ဟု ခေါ်ဆိုသည့် နှစ်ဦးနှစ်ဖက် အပစ်ရပ်စဲရေးစာ ချုပ် ချုပ်ဆိုနိုင်ရေး ဆက်လက်ညှိ နှိုင်းရန် သဘောတူခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် ကချင်၊ တအာင်း၊ ကိုးကန့်နှင့် ရခိုင်လက်နက်ကိုင် လေးဖွဲ့က ၎င်းတို့တစ်ဖွဲ့ချင်းစီ အဆိုပြုသည့် အပစ်ရပ်စဲရေးစာ ချုပ်မူကြမ်းကို အစိုးရထံ ပေးအပ် ခဲ့သည်။

No comments:

Post a Comment