Wednesday, May 22, 2019

အလွတ်တန်းဖူဆယ်ပြိုင်ပွဲ အုပ်စု(ဂ)တွင် On Doctor နှင့် Winner အသင်းတို့ နောက်တစ်ဆင့်တက်

အလွတ်တန်း ဖူဆယ်ဖလားပြိုင်ပွဲ အုပ်စု (ဂ) နောက်ဆုံးပွဲစဉ်တွင် On Doctor နှင့်Winner အသင်းတို့က ပြိုင်ဘက်များကို အသီးသီး အနိုင်ရပြီး ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက် ရောက်ခဲ့သည်။  မေလ ၂၀ ရက်က အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပသည့် အလွတ်တန်း ဖူဆယ်ဖလားပြိုင်ပွဲ အုပ်စု (ဂ) နောက်ဆုံးပွဲစဉ်တွင် On Doctor အသင်းက လက်ဝဲသုန္ဒရအသင်းကို ခြေစွမ်း အသာဖြင့် ဖိအားပေးကစားပြီး ၉-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ သည်။



အုပ်စု (ဂ) အခြားပွဲတွင် Winner အသင်းက UM အသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ပြီး ၇-၅ ဂိုးဖြင့် အနိုင်ရကာ နောက်တစ်ဆင့် တက်ရောက်ခဲ့သည်။  အလွတ်တန်း ဖူဆယ်ဖလားပြိုင်ပွဲ အုပ်စု (ဂ) နောက်ဆုံး ပွဲစဉ်များ အပြီးတွင် On Doctor အသင်းက သုံးပွဲကစား၊ သုံးပွဲနိုင် ရမှတ်ကိုးမှတ်ဖြင့် အုပ်စု ပထမ၊ Winner အသင်းက နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ်ခြောက်မှတ် အုပ်စုဒုတိယဖြင့် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် MFFFutsal Open Cup 2019 (ရန်ကုန်) ပြိုင်ပွဲကို ၃၅ သင်း ဝင်ရောက်ယှဉ်ပြိုင်နေပြီး အုပ်စု ရှစ်ခုခွဲကာ ကျင်းပနေသည်။

အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီသည်  ရှုံးထွက်အဆင့်သို့ တက်ရောက်ခွင့်ရမည်  ဖြစ်သည်။  မေလ ၂၁ ရက် (ယနေ့) တွင် အလွတ်တန်း ဖူဆယ်ဖလားပြိုင်ပွဲ အုပ်စု (င) နောက်ဆုံးပွဲစဉ်အဖြစ် မြို့မ YTD အသင်းနှင့် Brother Hood United၊ ဒိုဒိုကိုကိုနှင့် Authentic အသင်း၊ အုပ်စု (စ)နောက်ဆုံးပွဲစဉ်အဖြစ် GV Athletic နှင့် ရွှေပြည်သာ၊ ဖူဆယ်ချစ်သူနှင့် ကမာရွတ်အသင်းတို့ ယှဉ်ပြိုင်မည် ဖြစ်သည်။

No comments:

Post a Comment