Wednesday, June 19, 2019

လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းများ ပြင်ဆင်သတ်မှတ်ခြင်း ကြောင့် ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်လာမည်ဟု ကမ္ဘာ့ဘဏ်ဆို

ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာနိုင်ခြင်းနှင့် အစိုးရက လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်များ ကာမိစေရန် လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းများ ပြင်ဆင်သတ်မှတ်ရန် ဆောင်ရွက်နေခြင်း တို့သည် ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေမည့် အကြောင်းအရင်းများဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာက ဆိုသည်။ေ ရှ့လာမည့်ကာလလတ်တစ်ခုအတွင်း ငွေကြေးဖောင်းပွမှုနှုန်းသည် ၆ ဒသမ ၆ ရာခိုင်နှုန်းတွင် တည်ငြိမ်နေမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။



"ဥပဒေအသစ်တွေ ရေးဆွဲ ပြဌာန်းလာတာနဲ့အမျှ စီးပွားရေးဈေးကွက်အလားအလာ မြင့်တက်လာတဲ့ လက္ခဏာတွေ မြင်တွေ့ရပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်တွေ ဆက်လက်မြှင့်တင်ရမယ့် အချိန်ဖြစ်ပြီး အာမခံလုပ်ငန်းပြုပြင်ပြောင်းလဲခြင်း ၊ အခွန်ကဏ္ဍ ပြုပြင်ပြောင်းလဲခြင်းနဲ့ စွမ်းအင်ကဏ္ဍမှာ ပွင့်လင်းမြင်သာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ခြင်း စတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်ဆောင်ရွက် သွားဖို့ လိုအပ်ပါတယ်"ဟု မြန်မာနိုင်ငံကမ္ဘာ့ဘဏ်ရုံးမှ ဦးဆောင် ဘောဂဗေဒ ပညာရှင် Hans Anand Beck ကပြောသည်။

မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍသည် ယခုထက် နှစ်ဆ ပိုမိုသည့် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်လျက်ရှိပြီး လက်ရှိစီမံကိန်းများအား ယခုထက် သုံးဆ ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်မှသာ မြင့်မားသည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အလျင်မီအောင် ဖြည့်ဆည်းပေးနိုင်မည် ဟု ယင်းအစီရင်ခံတွင် အကြံပြုထားသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်အနိမ့်ဆုံး ဖြစ်စေမည့် နည်းလမ်းများကို ရွေးချယ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး လက်ရှိ လျှပ်စစ်ဓာတ်အားခ နှုန်းထား များကိုလည်း ပြင်ဆင်သတ်မှန်ရန်နှင့် စနစ်တစ်ခုလုံး၏ အားနည်းချက် နှင့် လိုအပ်ချက်များအား ထိရောက်စေရန် ပြင်ဆင်ဆောင်ရွက်သွားရန် အရေးကြီးကြောင်း ယင်းအစီရင်ခံစာတွင် အကြံပြု ဖော်ပြထားသည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေများ ဆိုးရွားနေသော်လည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အား အရှိန်အဟုန်မြှင့်တင်ခြင်း ၊ လက်လီလက်ကား ရောင်းဝယ်ရေးလုပ်ငန်း ၊ အာမခံလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်း ၊ အခြေခံအဆောက်အအုံကဏ္ဍတွင် ငွေကြေးသုံးစွဲဆောင်ရွက်ခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် ၆ ဒသမ ၇ ရာခိုင်နှုန်း ရောက်ရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

သို့သော် ပြင်ပ အကြောင်းအရာများဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ စီးပွားရေးအရှိန် နှေးကွေးလျက်ရှိခြင်း၊ ကုန်သွယ်ရေးစစ်ပွဲ ပိုမို တင်းမာလာခြင်း၊ အီးယူက ကုန်သွယ်မှု အထူးအခွင့်အရေးများ ရုပ်သိမ်းနိုင်သည့် အလားအလာ ရှိနေခြင်းနှင့် စွမ်းအင်ဈေးနှုန်းများ အတက်အကျ အပြောင်းအလဲ မြန်ဆန်ခြင်းတို့က အန္တရာယ် စိန်ခေါ်မှုများအဖြစ် ဆက်လက် တည်ရှိနေမည်ဟု ယင်းအစီရင်ခံစာက ဆိုသည်။

ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာကို တစ်နှစ်လျှင် ၂ ကြိမ်ထုတ်ဝေလျက်ရှိပြီး မြန်မာနိုင်ငံ၏ လတ်တလော စီးပွားရေး ဖြစ်ပေါ် တိုးတက်မှု အခြေအနေများ ၊ အလားအလာများ နှင့် မူဝါဒ ရေးရာ အကြံပြုချက်များကို ဖော်ပြထားသည့် အစီရင်ခံစာဖြစ်သည်။

No comments:

Post a Comment