Wednesday, June 19, 2019

ဒေါ်အောင်ဆန်းစုကြည်(သို့မဟုတ်)ဒဂုန်တာရာလမ်း

ယခုအသက်(၄၀)ကျော် အရွယ်သို့ ရောက်သည့်တိုင် မိတ်ဆွေ သူငယ်ချင်းများနှင့် သစ်ပင်စိုက် ပွဲတော်တို့ ဘာတို့တွင် ပါဝင်ဆင် နွှဲဖူးခြင်းမရှိသေးပေ။ သို့သော် ကိုယ့်ခြေကိုယ့်လက်ဖြင့် ကိုယ့် အိမ်ရှေ့နှင့် ကိုယ့်ခြံထဲတွင် သစ် ပင်လေးပင် စိုက်ပျိုးဖူးသည့် အ တွေ့အကြုံတော့ရှိပါသည်။ ကြီးကြီးကျယ်ကျယ် ပတ် ဝန်းကျင်ထိန်းသိမ်းရေးအမြင်ရင့် သန်လှသဖြင့် စိုက်ပျိုးခြင်းတော့ မဟုတ်။ မီးလိုလောင်နေသော အပူ၏စေ့ဆော်မှုအရ စိုက်ပျိုး ခြင်းနှင့် သစ်ပင်ကို အရသာခံလို ခြင်းဖြစ်သည်။ သစ်ပင်တစ်ပင်က ပေးသော အရသာမှာ စိတ်ကူး ယဉ်ချင်စရာ။ ချဲ့လျှင် ချဲ့သ လောက် လှနေသော်လည်း သစ် ပင်တစ်ပင် အသက်ရှင်ဖို့ဆိုသည် မှာမူ ခဲရာခဲဆစ်ဖြစ်သည်။ ကံဆိုး သော နေ့၊ ခပ်ပြင်းပြင်း ကျလာ သော ရာသီဥတုဆိုးနှင့်ကြုံလျှင် တစ်အောင့်ပင်မကြာ အသက် ထွက်သွားနိုင်သည်။



သစ်ပင်ဆိုသည်မှာ သက်ရှိ မို့ သူ့အသက်ရှိလာအောင် ပြုစု ပျိုးထောင်ရသည်။ နေပူပူအချိန် တွင် ရေသွားလောင်းမိပါက လူ တစ်ယောက်လို သူလည်း အပူ လျှပ်တတ်သည်ဟုသိရသည်။ ည နေအေးအေးတွင် ရေလောင်း၊ ပေါင်းပင်များရှိလာလျှင် သုတ် သင်၊ အပင်ရှင်သန်ရေး အားဆေးတွေ ဘာတွေကျွေး။ အိမ်ရှေ့လို နေရာမျိုးတွင် စိုက်ထားသည်ဆို ပါက အမူးသမားတို့၏ဘေး၊ ကလေးငယ်များ၏ ဘေးနှင့် တိရစ္ဆာန်တို့၏ဘေးမှ ကာကွယ်ရန် ခြံစည်းရိုးအခိုင်အခံ့ ကာရသေးသည်။ ပြောချင်တာက သစ်ပင်တစ်ပင် အသက်ရှင်ဖို့ရာ မလွယ်။

ဆိုတော့ လူ့ဘဝသစ်ပင် ကောင်းမွန်ဖြောင့်မတ်စွာ ရှင်သန် ရေးမှာလည်း ပို၍ပင် မလွယ်လှ ပေ။ ရေခံမြေခံကောင်းမွန်ရန် လို သည်။ စဉ်ဆက်မပြတ်လေ့ကျင့် ပျိုးထောင်မှုကို ရေရှည်အမြင်ဖြင့် ဆောင်ရွက်ရန် လိုသည်။

ဒါတောင်မှ ဘဝပေါင်းများ စွာတို့သည် ကိုယ်ဖြစ်ချင်သလို ဖြစ်ခဲ့ကြတာမျိုးမဟုတ်။ မိဘဖြစ် ချင်သလို ဖြစ်ခဲ့သော ဘဝများရှိ သည်။ ဘဝခရီးတွင် ဝမ်းမီးက သိပ်ရှေ့ရောက်လွန်းလှသဖြင့် ကြုံသလို ရွက်လွှင့်ခဲ့သော ဘဝ များရှိသည်။ ကံ၏စီမံရာအတိုင်း လက်ခံလိုက်သော ဘဝများရှိ သည်။

 ကျွန်တော့်မိတ်ဆွေတစ်ဦး ဆိုလျှင် တိုက်နဲ့ကားနဲ့၊ ကုမ္ပဏီ အပိုင်နဲ့ နွေးထွေးနိုင်စွမ်းသော မိသားစုဘဝနဲ့ မြင်သူအားကျမိ သော ဘဝပိုင်ရှင်။ သို့သော် သူ့ ဘဝ သူမပျော်။ သူမပျော်ရခြင်း၏ အဓိကအကြောင်းရင်းမှာ သူဝါသနာမပါသော အလုပ်ဖြင့် နောက်ပြန်ဆုတ်လို့မရသော ဘဝတစ်ခုကိုပိုင်ဆိုင်ထားခြင်းကြောင့်ဟုဆိုသည်။

ကျွန်တော် ထပ်အတွေးချဲ့ ကြည့်မိသည်။  အမုန်းမီးတောက် လောင်နေသော တိုင်းပြည်တွင် ငြိမ်းချမ်းရေးသစ်ပင်စိုက်ပျိုးရ သည်မှာ မည်မျှ မလွယ်ကူလိုက် မည်နည်း။

ငြိမ်းချမ်းရေးကို သေနတ် ရှိသည်ဆိုသော အမြင်ဖြင့် ချဉ်းကပ်ကြသည်။ ငြိမ်းချမ်းရေးကို အာဃာတတရားများဖြင့် ချဉ်း ကပ်ကြသည်။ ငြိမ်းချမ်းရေးကို ကိုယ့်အမှန်တရားနဲ့ ကိုယ် ချဉ်း ကပ်ကြသည်။ ငြိမ်းချမ်းရေးကို ပြည်သူဘာရမလဲဆိုတာ မေ့ပြီး ငါဘာရမလဲ ပေတံဖြင့် ချဉ်းကပ်ကြသည်။

ထို့ကြောင့်ပင် ငြိမ်းချမ်းရေး ခရီးက ဆယ်စုတစ်ခုသို့ နီးလာ သည့်တိုင် အမုန်းမီးတောက်များ ကို လျှော့ချနိုင်ခြင်းမရှိသေး။ ထို့ ကြောင့်ပင် သေနတ်သံမကြားရ သည့်နေ့ဟူ၍ မရှိသေးသည့်အ ပြင် သေနတ်သံကြားရသည့် ဧရိ ယာပင် ပိုကျယ်ဝန်းလာသည်။

စစ်ပြေးဒုက္ခသည် တစ်နှစ် ထက်တစ်နှစ် ပိုများလာသည်။ စစ်ကြောင့် ကိုယ့်ရပ်ကိုယ့်ရွာပြန်မရ။ စစ်ကြောင့် ကိုယ့်ထမင်း ကိုယ့် လက်ကိုယ့်ခြေဖြင့် ရှာစားမရ။ စစ်ကြောင့် အနာဂတ်ကို စာလုံး မပေါင်းတတ်ရှာသည့် ကလေး ငယ်ပေါင်းများစွာ။ စစ်ကြောင့် ခြေပြတ်လက်ပြတ်။ စစ်ကြောင့် အငတ်ဘေးဝေဒနာ။ စစ်ကြောင့် စစ်နှင့် မဆိုင်သော ပြည်သူတို့ ပေးလိုက်ရသည့် အသက်များစွာ။ အခက်ကြီးခက်နေတာက သေ နတ်သမားများ၏မျက်လုံးများကို အမုန်းမီးတောက်များက တံတိုင်း ကြီးတစ်ခုလို ကာရံထားသမို့ မဆီ မဆိုင်ဒုက္ခရောက်ရသော ပြည်သူ တို့၏ဖြစ်ရပ်မှန်အပေါ် အမြင်အာ ရုံချို့တဲ့နေခြင်းဖြစ်နိုင်သည်။

ငြိမ်းချမ်းရေးအတွက် အကြီးအကျယ်လိုအပ်သည်မှာ မေတ္တာ တရားဖြင့် ရှုမြင်နိုင်ခြင်းဖြစ်သည်။ ဒါကို နောက်တစ်မျိုးထပ်ဆိုသော် မေတ္တာနိုင်ငံရေး၊ မေတ္တာဖြင့် ထုံ မွမ်းထားသော နိုင်ငံရေးဖြစ်သည်။ ငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင် ကိုယ်တော်မှိုင်း၏အရိုက်အရာကို ဆက်ခံဆင့်ပွားခဲ့သူ ဆရာဒဂုန် တာရာက မေတ္တာဖြင့် ဖွဲ့စည်း ထားသော နိုင်ငံရေးကို ‘ရန်သူ မရှိ၊ မိတ်ဆွေသာရှိ’၊ ‘နိုင်ငံရေး ဆိုတာ ရန်သူကို မိတ်ဆွေဖြစ် အောင် လုပ်တာ’ ဟု အသစ်ထွင်း ခဲ့သည်။

ပြည်သူဆို လူရယ်လို့မထင်၊ ဆန့်ကျင်ဘက်ဟု မြင်လျှင် ကမ်း ကုန်အောင် ရက်စက်လှသော စစ် အစိုးရလက်ထက်တွင် ဆရာဒဂုန် တာရာက မေတ္တာနိုင်ငံရေးလမ်း ကို စတင်ထွင်းထုခဲ့လေတော့ ကျွန် တော်တို့ နားမလည်နိုင်အောင် ဖြစ်ခဲ့ပြီး ယနေ့တိုင် နားလည် အောင် ကြိုးစားနေရဆဲဖြစ်သည်။

ဆရာဒဂုန်တာရာ၏မေတ္တာ နိုင်ငံရေးလမ်းကို ယုံကြည်စွာ စတင်လျှောက်လှမ်းသူမှာ လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်ဖြစ်သည်။ တိုင်းပြည်အ တွက် မိမိဂုဏ်သိက္ခာကျချင်ကျပါ စေ၊ ဘာလုပ်ရ လုပ်ရဆိုသည့် စိတ်ပိုင်းဖြတ်မှုမှသည် မေတ္တာနိုင် ငံရေးလမ်းကို တွေ့ရှိကျင့်ကြံခဲ့ ခြင်းဟုထင်သည်။

၁၉၉၅ ခုနှစ် ဇူလိုင်လ။ ဒေါ်အောင်ဆန်းစုကြည်အကျယ် ချုပ်မှ ပြန်လွတ်လာခဲ့သည်။ အာ ဏာရှင် ဦးနေဝင်းမှာ နိုင်ငံရေး ဇာတ်ခုံပေါ်မှာ ဆုတ်ခွာခဲ့ရပြီး နောက် ကန့်လန့်ကာ နောက်ကွယ်မှနေ၍ စစ်အစိုးရအပေါ် သြဇာကြီးဆဲကာလဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ဦးနေဝင်း၏ သြဇာကြီးမားနေဆဲကို သိသည်။ ဦးနေဝင်း၏သြဇာကို အသုံးချပြီး တိုင်းပြည်ဒီမိုကရေစီထွန်းကား ရေးအတွက် ဆောင်ရွက်လိုကြောင်း မကြာခဏပြောသည်။ နိုင်ငံတိုးတက်ရေးအတွက် ဦးနေ ဝင်းသာ ကူညီပါက ရှိခိုးရမည်ဆို လည်း ရှိခိုးပါ့မယ်ဟု မကြာခဏ ရေရွတ်လေ့ရှိကြောင်း ဒီချုပ်နာ ယက ဦးဝင်းထိန်၏ဆောင်းပါး တစ်ပုဒ်၌ ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ဖြစ်သည်။ တိုင်းပြည်လည်း ဆင်းရဲတွင်းနက်၊ ပြည်သူများကို လည်း သူ့အာဏာအတွက် ရင်ဝ တည့်တည့်ချိန်ပစ်ခဲ့သော ဦးနေ ဝင်းကိုပင်လျှင် တိုင်းပြည်သာ ကောင်းမည်ဆိုပါက ထိုင်ကန် တော့ရန် ဝန်မလေးခြင်းမှာ သူ့စိတ်ရင်းအမှန်ဖြစ်သည်။

နေအိမ်အကျယ်ချုပ် အလီ လီကျခဲ့သည်။ ခွင့်လွှတ်ဖို့ရာ မ လွယ်သော ပုဂ္ဂိုလ်ရေး ဒုက္ခပေးမှု များကို ကြုံခဲ့ရသည်။ ဒီပဲယင်းတွင် အကြမ်းဖက်လုပ်ကြံသည်အထိ အာဏာရှင်တို့ ပက်စက်ခဲ့သည်။ သို့သော် စက္ကန့်တိုင်းလိုလို ရောက် ရှိခဲ့သော လောကဓံမြားချက်များ ကြားတွင် သူမတည်ဆောက်နိုင် ခဲ့သည်မှာ အာဃာတမဲ့နိုင်ငံရေး သာလျှင်ဖြစ်သည်။ နိုင်ငံရေးလုပ် ခြင်းဆိုသည်မှာ အာဃာတတရား ဖြင့် လက်တုံ့ပြန်ရန်မဟုတ်ဟု သူမ၏အဓိပ္ပာယ်ကို ရှင်းရှင်းလင်း လင်းဖွင့်ဆိုခဲ့သည်။

ဒီပဲယင်းအကြမ်းဖက်မှုကို ဦးဆောင်ခဲ့သူဟု သတင်းကြီးခဲ့ သော ဦးအောင်သောင်းသေတော့ နာရေးသတင်းသွားမေးခြင်းဖြင့် မေတ္တာနိုင်ငံရေးကို ဖွင့်ဆိုပြခဲ့ တော့ ထောက်ခံသံ၊ ကန့်ကွက်သံ များ သောသောညံခဲ့သည်။

ယခုလည်း ဦးသန်းရွှေ သမက်ကွယ်လွန်ခြင်း။ ယင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ဦးသန်းရွှေထံသို့ ပေးပို့ပြန်သည်။ ဇွန်လ ၁၅ ရက်နေ့တွင် လူမှုကွန်ရက်ပေါ် ငြင်းသံခုံသံ၊ ထောက်ခံသံများဖြင့် တဝေါဝေါ ညံခဲ့သည်။

အလုပ်သဘောအရ ပေးပို့ ခြင်းမဟုတ်ကြောင်း သိသာရန် စာကို ကွန်ပျူတာစာမစီ၊ ကိုယ် တိုင်လက်ရေးဖြင့် ရေးသားထား သည်။ စာ၏အဖွင့်တွင်လည်း ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ထံသို့ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပေးပို့ခြင်းမဟုတ်ဘဲ ခင်မင်ရင်းနှီး သည့်သဘော Uncle ရှင့်ဟု အစ ချီလိုက်သည်။

စာပါအကြောင်းအရာက တော့ ကွယ်လွန်ခြင်းအတွက် ဝမ်း နည်းကြောင်း၊ ကောင်းရာသုဂတိ လားပါစေကြောင်း၊ Uncle နှင့် မိသားစုအားလုံး ကျန်းမာပါစေ ကြောင်း စသဖြင့် သိပ်ထူးထူးခြား ခြားရယ်မပါ။ သို့သော် နာမည် ကောင်းဖြင့် ကျော်ကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်က နာ မည်ဆိုးဖြင့် ကျော်ကြားခဲ့သော ဦးသန်းရွှေထံ ပေးပို့သော စာနာ ထောက်ထားခြင်းမို့ အထူးအဆန်း ဖြစ်ရသည်။ ထို့ပြင် တော်ရုံစိတ်ထားဖြင့် ရေးချဖို့၊ ပေးပို့ဖို့ မည်သို့ မျှ မဖြစ်နိုင်သော စာကို ရေးသား ပေးပို့ခြင်းကလည်း အလှုပ်ခတ် ဆုံးဖြစ်ရသည်။

မေတ္တာနိုင်ငံရေးကို မေတ္တာ ဖြင့် ရှုမြင်ကြည့်မှသာလျှင် မေတ္တာတရား၏ကောင်းကျိုးရှေးရှုမှု၊ မေတ္တာတရား၏အာဃာတကင်း စင်မှု၊ မေတ္တာတရား၏ငြိမ်းချမ်း ခြင်းတရားကို မြင်ရလိမ့်မည်ဟု ထင်သည်။ တိုင်းပြည်၏ ပစ္စက္ခ ဘဝတင်မက အနာဂတ်အနှစ် ၂၀ ခန့်တိုင်အောင် ဝရုန်းသုန်းကားဖြစ်အောင် ခြေမွှဖျက်ဆီးခဲ့သော အာဏာရှင်တစ်ယောက်ကို ‘ရိုသေလေးစားစွာဖြင့်’ ဟု ရေးသားလိုက်ခြင်းသည် တစ်ကမ္ဘာလုံးတွင် ဟိန်းထနေသော အောင်ဆန်းစုကြည်ဆိုသည့် အမည်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသည့် ရာထူးဂုဏ်ရှိန်နှင့် ယင်းတို့ထက် ပိုကြီးကျယ်သော လူထုခေါင်းဆောင်ဆိုသည့် အရှိန်အဝါများထက် တိုင်းပြည်ကောင်းကျိုး ကသာ ပိုအရေးကြီးကြောင်း ဖော် ပြချက်ဟု ခပ်ဝါးဝါးနားလည်မိ သည်။ အာဏာရှင်တစ်ဦးကို ‘ရို သေလေးစားစွာဖြင့်’ ဟု ကျွန်တော်မရေးသားနိုင်။ ယခုစာရှုသူများစွာ လည်း ရေးနိုင်မည်ဟုမထင်။ သို့ သော် ဒေါ်အောင်ဆန်းစုကြည်က တော့ ရေးနိုင်သည်။

ရေးသားသည့် အချိန်ကို လည်း မဖြစ်မနေ ထည့်တွက်ရန် လိုပေမည်။ ယခု ဒေါ်အောင်ဆန်း စုကြည်စာရေးသားသည့်အချိန် မှာ ပြည်သူထောက်ခံမှုကလွဲ၍ ဘာအာဏာမှ မရှိသော အကျယ်ချုပ်ကာလများမဟုတ်။ လူထုထောက်ခံမှုဖြင့် တိုင်းပြည်အာဏာရရှိထား ပြီးသည့်အချိန်ဖြစ်သည်။ ဆိုလိုတာက တပ်ခေါင်းဆောင်များအပေါ် ဦးသန်းရွှေ၏သြဇာမည်မျှ ကြီးနေဆဲ ဖြစ်စေကာမူ ဒေါ် အောင်ဆန်းစုကြည်သည်လည်း လူထုခေါင်းဆောင်ဖြစ်ရုံတင်မက နိုင်ငံ့ခေါင်းဆောင်လည်း ဖြစ်နေ သူဖြစ်သည်။ ပြောရလျှင် လက် ဆွဲနှုတ်ဆက်ခြင်းမရှိလည်း ဖြစ် သည့်အနေအထားတွင် မေတ္တာ နိုင်ငံရေးဖြင့် တကူးတကန့် လက် ဆွဲ နှုတ်ဆက်ခြင်းလည်း ဖြစ် သည်။

မေတ္တာနိုင်ငံရေးကို ပြန်ကြား ရေးဝန်ကြီးဟောင်း ဦးရဲထွဋ်လို သိမ်ငယ်ခြင်း၊ ရန်လိုခြင်း၊ ဝန်တို စိတ်ကြီးခြင်းများဖြင့် ကြည့်လျှင် တော့ မြန်မာတစ်နိုင်ငံလုံး၏အ ထက်တွင် ရှိနေသော ဦးသန်းရွှေ မို့ ကန်တော့ပန်းဆင်ရသည်ဆို သည့် သိမ်ဖျင်းသော အမြင်မျိုးသာထွက်ကျလာပါလိမ့်မည်။

ရန်သူကို လက်ဆွဲနှုတ်ဆက် ရသည်မှာ မလွယ်။ ရန်သူကို မိတ်ဆွေအဖြစ် မေတ္တာထားရသည်မှာ ပို၍ မလွယ်။ နိုင်ငံရေးဆိုသည်မှာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ခြင်း။

No comments:

Post a Comment