Wednesday, June 19, 2019

အီရန်နှင့် ရေနံတင်သင်္ဘောအရေး တင်းမာနေစဉ် အိုမန်ပင်လယ်ကွေ့သို့ အမေရိကန်တပ်ဖွဲ့များ ထပ်မံစေလွှတ်

အီရန်နှင့် ရေနံတင်သင်္ဘောအရေး တင်းမာမှု မြင့်တက်နေစဉ် အမေရိကန် စစ်တပ်က အရှေ့အလယ်ပိုင်းသို့ တပ်ဖွဲ့ဝင် ၁၀၀၀ ထပ်မံစေလွှတ်မည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။ တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်မှုသည် အီရန်၏ ရန်လိုသည့် အပြုအမူများကို တုံ့ပြန်ခြင်းဖြစ်သည်ဟု အမေရိကန် ယာယီ ကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာနာဟန်က ပြောကြားသည်။



အိုမန်ပင်လယ်ကွေ့ ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှုတွင် အီရန် ဆက်နွှယ်ပတ်သက်မှုကို ရည်ညွှန်းသည့် ဓာတ်ပုံ အထောက်အထားများကိုလည်း အမေရိကန်ရေတပ်က ထပ်မံထုတ်ပြန်ခဲ့သည်။

အီရန်ကလည်း ၂၀၁၅ နျူကလီးယား စာချုပ်ကို လိုက်နာတော့မည်မဟုတ်ကြောင်းနှင့် ကန့်သတ်ထားသည့် ယူရေနီယမ်သန့်စင်မှုကို ဇွန်လ ၂၇ ရက်တွင် ချိုးဖောက်ကာ ပြန်လည်စတင်မည်ဟု တနင်္လာနေ့က ကြေညာသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာနာဟန်က “အမေရိကန်သည် အီရန်နှင့် ပဋိပက္ခ မဖြစ်လိုသော်လည်း အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့များနှင့် အကျိုးစီးပွားများကို ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် တပ်ဖွဲ့များ ထပ်မံစေလွှတ်ရခြင်းဖြစ်သည်။ ရရှိထားသော ထောက်လှမ်းရေး အချက်အလက်များတွင် အီရန်၏ရန်လိုသော အပြုအမူများကို ထင်ရှားစွာ သိမြင်နိုင်သည်”ဟု ထုတ်ပြန်ထားသည်။

နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကလည်း အမေရိကန်သည် အီရန်နှင့် စစ်မက်မဖြစ်ပွားလိုသော်လည်း နည်းလမ်းအလုံးစုံကို ထည့်သွင်းစဉ်းစားထားသည်ဟု တနင်္ဂနွေနေ့က ပြောဆိုထားသည်။ ပွန်ပီယိုသည် အရှေ့အလယ်ပိုင်းနှင့်ဆိုင်သော အမေရိကန်တပ်မှူးနှင့် ဖလော်ရီဒါရှိ စစ်ဌာနချုပ်တွင် အင်္ဂါနေ့၌ တွေ့ဆုံရန်ရှိသည်။

ရှာနာဟန်၏ ကြေညာချက်အပြီးတွင် ရေနံတင်သင်္ဘောတိုက်ခိုက်မှု၌ အီရန် ပတ်သက်နေမှုကို ညွှန်ပြသည့်ဓာတ်ပုံအထောက်အထားများကို ပင်တဂွန်က ထုတ်ပြန်ခဲ့သည်။

အဆိုပါဓာတ်ပုံများတွင် ဂျပန်ရေနံ တင်သင်္ဘော၏ ကိုယ်ထည်၌ ရေမျက်နှာပြင် အထက်တွင် မိုင်းခွဲခံထားရသည့်အပေါက်ကြီးကို တွေ့မြင်နိုင်သည်။ ထို့ပြင် မပေါက်ကွဲသောမိုင်းကို အီရန်တပ်ဖွဲ့များက မော်တော်တစ်စင်းဖြင့် လာရောက်ခွာယူနေပုံကိုလည်း တွေ့မြင်ရသည်။

နောက်တစ်ပုံမှာမူ မိုင်းကိုခွာယူပြီးနောက် တွေ့မြင်ရသည့် အီရန်တော်လှန်ရေး အစောင့်တပ် မော်တော်ကို သဲသဲကွဲကွဲ ရိုက်ကူးထားသည့် ဓာတ်ပုံဖြစ်သည်။

ပင်တဂွန်သည် အဆိုပါဖြစ်စဉ်ကို တွေ့မြင်နိုင်သည့် မှုန်ဝါးဝါး ဗီဒီယိုမှတ်တမ်းဖိုင်ကိုလည်း အစောပိုင်းက ထုတ်ပြန်ထားပြီးဖြစ်သည်။ နောက်ဆုံးဖြစ်စဉ်တွင် ဂျပန်သင်္ဘောအပြင် နော်ဝေ ရေနံတင်သင်္ဘော တစ်စင်းလည်း တိုက်ခိုက်ခြင်းခံခဲ့ရသည်။

အဆိုပါတိုက်ခိုက်မှုအပြင် မေလအတွင်းက ဟော်မုဇ်ရေလက်ကြားအပြင်ဘက်၌ ရေနံတင်သင်္ဘောလေးစင်း တိုက်ခိုက်ခံရမှုတွင်လည်း အီရန် ဆက်နွှယ်ပတ်သက်နေသည်ဟု အမေရိကန်ဘက်က ပြောကြားထားသည်။

အီရန်ကမူ အမေရိကန်၏ စွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်း တစ်သမတ်တည်း ငြင်းဆန်လျက်ရှိသည်။

No comments:

Post a Comment