Wednesday, June 19, 2019

တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ ဇွန် ၂၄ ရက်တွင် ထုတ်ယူနိုင်

တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို မိမိတို့ ဖြေဆိုခဲ့သည့် စာစစ်ဌာနများ၌ ဇွန် ၂၄ ရက်တွင် စတင်ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ကြေညာထားသည်။ ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန် မိမိတို့ဖြေဆိုခဲ့သော စာစစ်ဌာနရှိ ကျောင်းအုပ်ကြီးများထံတွင် အမှတ်စာရင်း၊ အရည်အချင်း မှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ရမည့်ပုံစံ စာအိတ်တို့ကို ဇွန်၂၄ ရက်တွင် ကိုယ်တိုင်ထုတ်ယူနိုင်သည်။



“ရှင်းပြတာက အဓိကက တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ထဲမှာပါတဲ့ တက္ကသိုလ်တွေရှိသလို မနှစ်ကတုန်းက သီးခြားခေါ်တဲ့ ကျောင်းရှိတယ်။ အဲဒီနှစ်မျိုးရှိတော့ ဝင်ခွင့်လျှောက်တဲ့အခါမှာ အမှားအယွင်း မရှိအောင် ရှင်းပြမှာပါ” ဟု အဆင့်မြင့်ပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောကြားသည်။

ယခုနှစ်တွင် သီးခြားတိုက်ရိုက်ခေါ်ယူသည့် တက္ကသိုလ်ကို ၁၄ ခုထိ တိုးမြှင့်ထားပြီး ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မန္တလေး)၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ သတင်းအချက်အလက်နှင့် နည်းပညာ တက္ကသိုလ်၊ မန္တလေး ကွန်ပျူတာ တက္ကသိုလ်၊ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ မန္တလေး နည်းပညာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး၊ လှိုင်)၊ ရန်ကုန် ပညာရေး တက္ကသိုလ်၊ ရန်ကုန်နှင့် မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) နှင့် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် စသည့် သီးခြားတိုက်ရိုက် ခေါ်ယူသည့် တက္ကသိုလ်များသို့ လျှောက်ထားလိုပါက တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ပါ လျှောက်လွှာတွင် ထည့်မလျှောက်ရတော့ဘဲ ယင်းတက္ကသိုလ်များက သတင်းစာများမှ ခေါ်ယူချိန်တွင် တိုက်ရိုက်လျှောက်ထား ရမည်ဖြစ်သည်။

No comments:

Post a Comment