Wednesday, June 19, 2019

မန္တလေးမြို့ လမ်းသစ်ဖွင့်ပွဲတွင် ‘အောင်ဆန်းစုကြည်နှင်းဆီ’ များဖြင့် အလှဆင်ပြသမည်

 ‘အောင်ဆန်းစုကြည် နှင်းဆီ’ဟု အမည်ပေးထားသည့် နှင်းဆီမျိုးစိတ်ကို  အသစ်ဖွင့်လှစ် မည့် ၃၈ လမ်းပိုင်းသစ်ဖွင့်ပွဲတွင် အလှဆင်ပြသမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။ တရုတ်နိုင်ငံရှိ ရုက္ခဗေဒပညာရှင် အချို့က မျိုးစိတ်အသစ်အဖြစ် စိုက်ပျိုးအောင်မြင်ခဲ့သည့် နှင်းဆီမျိုးစိတ်ကို ‘အောင်ဆန်းစု ကြည်နှင်းဆီ’ဟု အမည်ပေးခဲ့ပြီး ၂၀၁၇ မေလအတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်နိုင်ငံသို့ ရောက်ရှိစဉ် အခမ်းအနားဖြင့် တရားဝင် နာမည်ပေးအပ် ခဲ့သည်။ အဆိုပါ နှင်းဆီကို ပြင်ဦးလွင်ရှိ တော်ဝင်နှင်းဆီခြံတွင် မျိုးပွားစိုက်ပျိုးခဲ့ရာ အောင်မြင်မှုရှိခဲ့ပြီး ၃၈ လမ်းပိုင်းသစ်ဖွင့်ပွဲ၌ အလှဆင်ပြသမည်ဖြစ်ကြောင်း ဦးကျော်ဆန်းမြင့်က ပြောသည်။



‘‘၁၉ ရက်လမ်းသစ်ဖွင့်ပွဲမှာ ဒီနှင်းဆီ(အောင်ဆန်းစုကြည် နှင်းဆီ)တွေနဲ့ အလှဆင်မယ်။ ဒီနေ့၁၈ ရက် နေ့လယ်မှာ နှင်းဆီပင်တွေ ရောက်မယ်။ နှင်းဆီပင်တွေ က အလွန်ရှားပါးပြီး တန်ဖိုးကြီးလို့ ဖွင့်ပွဲလုပ်မယ့် မနက်စောစောမှ ၃၈ လမ်းကို ပို့မယ်’’ဟု ၎င်းကဆိုသည်။

၇၃ လမ်းနှင့် ၇၈ လမ်းသို့ သွယ်တန်းဖောက်လုပ်သည့် ၃၈ လမ်းပိုင်းသစ်ကို နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်သော ဇွန်လ ၁၉ ရက်(ယနေ့) ဖွင့်လှစ်မည်ဖြစ်သည်။

အဆိုပါ လမ်းပိုင်းသစ်ကို အောင်ဆန်းစုကြည်လမ်းဟု အမည်ပေးရန် စိတ်ကူးထားကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲ လွင်က ပြောကြားသော်လည်း လတ်တလောတွင် ယင်းနာမည် ပေးရန် မဖြစ်နိုင်သေးကြောင်း ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ဆိုသည်။

လမ်းအမည်ပေးရေးသည်စိတ်ကူးသာဖြစ်ပြီး တရားဝင်ပေးအပ်ရေး တိုင်းဒေသကြီးအစိုးရသို့ တင်ပြရန် လိုအပ်ကြောင်း ၎င်းကပြောသည်။ ၇၈ လမ်း မှ ၇၃လမ်း အထိ အသစ်ဖောက်လုပ်ထားသော ၃၈ လမ်းသည် ပေ ၂,၆၀၀  ရှည်လျားပြီး လမ်းအကျယ် ပေ ၆၀ နှင့် ပလက်ဖောင်း ဧရိယာ ၆ ပေ ကျယ်ဝန်းသည်။ အဆိုပါ လမ်းပိုင်းသစ်ဖောက်လုပ်ရန် ဘတ်ဂျက်ကျပ်သန်းတစ်ထောင်ခန့် အသုံးပြုခဲ့သည်။

No comments:

Post a Comment