Wednesday, June 19, 2019

စူပါစတား ပုံစံအပြုအမူများ မလိုချင်ကြောင်းနှင့် ယခုထက် ပိုမကြိုးစားပါက အချိန်မရွေး ထွက်သွားနိုင်ကြောင်း ကစားသမားများအား PSG အသင်းဥက္ကဋ္ဌဌ အယ်လ်ခီလိုင်ဖီ သတိပေး

ပြင်သစ်လီဂူးကလပ် PSG အသင်းဥက္ကဋ္ဌဌနှင့် အမှုဆောင်ချုပ်ဖြစ်သူ အယ်လ်ခီလိုင်ဖီက ကစားသမားများ၏ စူပါစတားပုံစံ အပြုအမူများကို ထပ်မလိုချင်တော့ကြောင်းနှင့် ယခုထက်ပို၍ ကြိုးစားလိုခြင်းမရှိပါက အချိန်မရွေး ထွက်ခွာသွားနိုင်ကြောင်း သတိပေးပြောကြားသည်။ ဇွန် ၁၈ ရက် (ယနေ့) ဖြန့်ချိမည့် France Football မဂ္ဂဇင်းနှင့် အင်တာဗျူးအစီအစဉ်တွင် အယ်လ်ခီလိုင်ဖီက ယင်းကဲ့သို့ပြောကြားခြင်းဖြစ်ပြီး အပြောင်းအလဲများ မဖြစ်မနေ ပြုလုပ်ရန် လိုအပ်နေပြီဟုလည်း ဆိုသည်။ “ကစားသမားတွေအနေနဲ့ အရင်ကထက်ပိုပြီးတော့ တာဝန်ယူမှုရှိရပါမယ်။ အဲဒါက အရင်အခြေအနေနဲ့ လုံးဝကွဲပြားခြားနားပါလိမ့်မယ်။
သူတို့အနေနဲ့ ဒီထက်ပိုပြီးလုပ်ပြနိုင်ဖို့လိုအပ်သလို ပြင်းပြင်းထန်ထန်ကြိုးစား ဖို့လည်း လိုပါတယ်။ ဒီနေရာမှာ သူတို့ဘာသာ ပျော်ရွှင်နေလို့မရပါဘူး။ တကယ်လို့ ဒါကို လက်မခံနိုင်ဘူးဆိုရင် အချိန်မရွေးထွက်သွားနိုင်ပါတယ်။ စူပါစတားပုံစံပြုမူနေထိုင်တာတွေကို ဒီထက်ပိုပြီးမမြင်ချင်တော့ပါဘူး။ အပြောင်းအလဲတွေ မဖြစ်မနေလုပ်ဖို့ လိုအပ်နေပြီဆိုတာ ကျွန်တော် လက်ခံပါတယ်။ အဲဒီလိုမလုပ်ဘူးဆိုရင် ကျွန်တော်တို့လည်း ဘာမှဖြစ်လာမှာမဟုတ်ပါဘူး” ဟု အယ်လ်ခီလိုင်ဖီက ပြောကြားသည်။

ゞင်းအနေဖြင့် မည်သည့်ကစားသမားကို ရည်ရွယ်ကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ကွင်းတွင်းကွင်းပြင် ပြဿနာများကြုံတွေ့နေရသည့် နေမာကို ရည်ညွှန်းခြင်းဖြစ်နိုင်ကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။ နေမာသည် ပြီးခဲ့သည့်မေလအတွင်း ပါရီမြို့ရှိ ဟိုတယ်၌ ဘရာဇီးလ်နိုင်ငံ သူ မော်ဒယ်တစ်ဦးကို အဓမ္မပြုကျင့်ကြောင်း တိုင်ကြားခံထားရပြီး ဇွန် ၁၃ ရက်က ဆော်ပေါ်လိုရဲဌာနတွင် ငါးနာရီကြာ စစ်ဆေးမှုခံခဲ့ရသည်။ ထို့ပြင် ゞင်းသည် မန်ယူအသင်း အား ရှုံးနိမ့်သည့် ချန်ပီယံလိဂ်ပွဲအပြီးတွင် ဒိုင်လူကြီး၏ဆုံးဖြတ်ချက်များကို instagram မှတစ်ဆင့် ဝေဖန်ပြောကြားသဖြင့် သုံးပွဲပယ် ပြစ်ဒဏ်ချမှတ်ခံထားရပြီး လာမည့်ရာသီ အုပ်စုပထမအကျော့ပွဲများကို လွဲချော်မည်ဖြစ်သည်။ နေမာသည် ရန်းစ်အသင်းအား ရှုံးနိမ့်သည့် ပြင်သစ်ဖလား ဗိုလ်လုပွဲအပြီးတွင် လည်း ပွဲကြည့်စင်ပေါ်၌ ပရိသတ်တစ်ဦးနှင့် အချင်းများပြီး တွန်းထိုးခဲ့သောကြောင့် နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရသည်။ PSG အသင်းသည် လီယိုနာဒိုကို အားကစားဒါရိုက်တာအဖြစ် ပြန်လည်ခန့်အပ်ပြီး နောက် အပြောင်းအရွှေ့ကိစ္စရပ်များနှင့် စည်းကမ်းပိုင်းကို တင်းကျပ်စွာကိုင်တွယ်ရန် စီစဉ်လျက်ရှိပြီး နေမာအတွက် မြင့်မားသည့်ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းမှုရရှိပါက လက်ခံစဉ်းစားဖွယ်ရှိကြောင်း ပြင်သစ်အခြေစိုက် L’Equipe သတင်းစာက ဖော်ပြသည်။

No comments:

Post a Comment