Wednesday, June 19, 2019

UPDJC အလွတ်သဘော အစည်းအဝေးမှ ငြိမ်းချမ်းရေး အလားအလာ

တစ်နှစ်နီးပါး ရပ်ဆိုင်းနေသည့် စားပွဲဝိုင်းထက်ဆွေးနွေမှုများကို မေးခွန်းထုတ်မှုများနှင့် ပြန်လည် စတင်လာပြီ ဖြစ်သည်။ အစိုးရ၏ အဆိုပြုချက်ဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင်များ၏ အလွတ်သဘော အစည်းအဝေးကို  ဇွန်လဒုတိယပတ်တွင်   ရန်ကုန်မြို့၌  ပြုလုပ်ခဲ့သည်။



UPDJC သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင် ရာ သဘောတူစာချုပ် (NCA) အရ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာ ခံ (၂၁) ရာစု ပင်လုံအပါအ၀င် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး   အခရာကျသည့် စုဖွဲ့မှု ဖြစ်သည်။ ယင်းတွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ၁၆ ဦးစီဖြင့် ဖွဲ့စည်းထားသည်။

တစ်လတစ်ကြိမ် ကျင်းပရမည့် UPDJC အတွင်းရေးမှူး အစည်းအဝေးအပါအ၀င်ငြိမ်းချမ်းရေးဆွေးနွေးမှုများသည် ၂၀၁၈ ဇူလိုင်တွင် ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) နောက်ပိုင်းကစ၍ တရားဝင် အစည်းအဝေး မကျင်းပနိုင်ဘဲ ဖြစ်နေသည်။

ဇွန်လ ၁၃ ရက်က အလွတ်သ ဘော အစည်းအဝေး နေရာချထားမှုသည် ယခင်က ပြုလုပ်ခဲ့သည့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲပုံစံများ နှင့် ဆင်တူသော်လည်း ထူးခြားချက်အချို့ ရှိခဲ့သည်။ အစုအဖွဲ့သုံးခုမှ  UPDJC အတွင်းရေးမှူး ငါးဦးစီအပါအ၀င် ကိုယ်စားလှယ် ၁၀ ဦးစီ အချိုးတူဖြင့် စုစုပေါင်း ကိုယ်စားလှယ် ၃၀ ဦးပါဝင်သည့် ဆွေးနွေးပွဲကျင်းပရန်လည်း အစိုးရဘက်က အဆိုပြုခဲ့သည်။

 တြိဂံပုံစံ ဒီဇိုင်းဆင်ထား သည့် စားပွဲခုံ အခင်းအကျင်းတွင် အစိုးရ ၊ တပ်မတော်၊ လွှတ်တော် ကိုယ်စားလှယ်များက တစ်ဖက်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်များ ကတစ်ဖက်၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များက တစ်ဖက် နေရာယူခဲ့သည်။ အစုအဖွဲ့အသီးသီးက ၎င်းတို့၏ သဘောထားများကို အစည်းအဝေးအစ အမှာစကားပြောကြားစဉ်မှာပင် ထုတ်ဖော်ပြောကြားခဲ့ပြီး  ယင်းအမှာစကားကို လည်း မီဒီယာများက နားထောင် ခွင့်ရခဲ့သည်။

အထူးသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဘယ်ကြောင့် တစ်ဆို့နေရသည့် အချက်အလက်နှင့် ကြုံနေရသည့် အခက်အခဲတို့ကို အစုအဖွဲ့ အသီးသီးက ထုတ်ဖော်ပြောကြားခဲ့ခြင်းသည် အလွတ်သဘော အစည်းအဝေး၏ ပထမထူးခြားချက် ဖြစ်ခဲ့သည်။ ဒုတိယထူးခြားချက်အနေဖြင့်မူ တစ်ဖက်နှင့် တစ်ဖက် မေးခွန်းထုတ်မှုများ၊ အထူး ပွင့်လင်းသည့် သုံးသပ်မှု၊ အပြုသဘောဆောင်သည့် မှတ်ချက်ပြုမှုများ  ရှိခဲ့သည်။ ထို့ပြင် အစုအဖွဲ့ ကိုယ်စားလှယ် အသီးသီး ၏ အဖွင့်အမှာစကားများအရ တစ်ဖက်အစုအဖွဲ့၏ အခက်အခဲကို တစ်ဖက်နားလည်လောက် သည့် အနေအထားမျိုး ရှိခဲ့သည်။

အစိုးရအစုအဖွဲ့ ၏ အမြင်

အစိုးရ အစုအဖွဲ့ကိုယ်စား လှယ် ဦးခင်ဇော်ဦးက အစည်းအ ဝေး အဖွင့်အမှာစကား ပြောရာတွင် ငြိမ်းချမ်းရေး တရားဝင်အစည်းအဝေး ရပ်တန့်နေခြင်း ကြောင့်  စေ့စပ်ညှိနှိုင်းမှုဖြစ်စဉ်ကြီး ဆက်လက်မလည်ပတ်နိုင်ဖြစ်နေ သည်ဟု ပြောသည်။ 

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင်  သက်ဆိုင်သူအားလုံး ပါဝင်နိုင်ခြင်း မရှိသေးကြောင်းနှင့် ပါဝင်ခွင့်ရသူများ၌ အတွေးအခေါ် အမျိုး မျိုး၊ ပုံစံအမျိုးမျိုး ပြောင်းလဲနေ သည်ကို တွေ့ရကြောင်း တပ်မတော်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး အဖြစ် တာဝန်ယူခဲ့သူ  ဦးခင်ဇော်ဦးက သုံးသပ်သည်။ သို့သော် သက်ဆိုင်သူအားလုံး ပါဝင်နိုင်အောင် အဘက်ဘက်က ကြိုးစားနေကြောင်းလည်း အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု၊ စေ့စပ်ညှိနှိုင်းမှုအပိုင်းတွင် အဓိကအရေးကြီးဆုံးအချက်က ယုံကြည်မှုတည်ဆောက်ရေးဖြစ်ကြောင်းနှင့် ဟန်ဆောင်ယဉ်ကျေးမှုများ ဖြင့် မည်သည့်စေ့စပ်ညှိနှိုင်းမှုများ မျှ လုပ်ဆောင်နိုင်မည် မဟုတ် ကြောင်း ၎င်းကဆိုသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှုများသည် ‘ဟန်ဆောင်မှုများလား’ဟု ပင် ဦးခင်ဇော်ဦးက ဆွေးနွေးပွဲ တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ 

တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့၏ အမြင်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အရေးကြီးသော ပြည်ထောင်စု သဘောတူစာချုပ်အတွက် ထိုက် သင့်သည့် သဘောတူညီချက် များ၊ ရလဒ်များရရှိအောင် မစွမ်းဆောင်နိုင်ခဲ့သည်ကို ၀န်ခံရမည်ဖြစ်ကြောင်း  ရှမ်းလက်နက်ကိုင် အဖွဲ့(RCSS) အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။ ၎င်းသည် UPDJC အတွင်းရေးမှူးများ အလွတ်သဘော အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစုအဖွဲ့ကိုယ်စား အမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။

UPDJC အတွင်းရေးမှူးများအနေဖြင့် မိမိတို့တာဝန်နှင့် လုပ်ပိုင်ခွင့်များအတိုင်း မဆောင်ရွက်နိုင်သည်မှာ ငြိမ်းချမ်းရေး တစ်ဆို့ခြင်းကြောင့်ဖြစ်ပြီး ငြိမ်းချမ်းရေးတစ်ဆို့ခြင်းသည် ဆွေးနွေးဖက်များက သူ့မူ၊ ကိုယ့်မူ အသေဆုပ်ကိုင်ထား၍ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

‘‘တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများက ဖက်ဒရယ်မူကို အဆင့် အမြင့်ဆုံးတင်ထားပြီး တင်းခံရပ်တည်ဆွေးနွေးခဲ့သလို တပ်မတော်ကလည်း တစ်ခုတည်းသော တပ်မတော်နှင့် ခွဲမထွက်ရကို လုံးဝအထိမခံဘဲ ကျားကုတ်ကျားခဲ မ ဆုတ်တမ်း ဆွေးနွေးတော့ ကျွန်တော်တို့ဟာ ဆုံမှတ်ကို ရှာမတွေ့ဘဲ တစ်ဦးကိုတစ်ဦး ယိုးမယ်ဖွဲ့ အပြစ်ဆိုရင်းနဲ့ပဲ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်က တ၀ဲလည်လည် ဖြစ်နေခဲ့တယ်’’ဟု ဗိုလ်မှူးကြီး စိုင်းငင်းကပြောသည်။

အလွတ်သဘော အစည်းအဝေး အပြီး အခင်းအကျင်း

 NCA ပါပြဋ္ဌာန်းချက်နှင့် လမ်းပြမြေပုံကို အကောင်အထည်ဖော်ရန် အလွတ်သဘောအစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်ကာ တရားဝင်ဆွေးနွေးပွဲများကို ဆိုင်းငံ့ထားသည့် အဖွဲ့အားလုံး တက်ရောက်နိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းလည်း အစိုးရကိုယ်စားလှယ်များက ပြောသည်။ 

 ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့်တို့က ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင် အစည်းအဝေးများတွင်ပါဝင်မှု  ယာယီရပ်ဆိုင်းခြင်းကြောင့် NCA လမ်း ကြောင်းအရ ဆောင်ရွက်နေ သည့်ဆွေးနွေးပွဲများ ရပ်တန့်နေခြင်း ဖြစ်သည်။

သို့သော် နှစ်ရက်ကြာ ပြုလုပ်သည့် အလွတ်သဘော အစည်းအဝေးတွင်မူ RCSS ကိုယ်စားလှယ် တက်ရောက်ခဲ့သော်လည်း ကရင် လက်နက်ကိုင်အဖွဲ့ (KNU)  ကိုယ်စားလှယ် ပါဝင်ခဲ့ခြင်း မရှိပေ။ KNU သည် ၎င်းတို့အဖွဲ့အတွင်း အစည်းအဝေးများနှင့် တိုက်ဆိုင် နေ၍ လာရောက်နိုင်ခြင်း မရှိဟု သိရကြောင်းတိုင်းရင်းသား လက် နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များ က ပြောသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းသည့် ဆွေးနွေးပွဲသို့ KNU အဖွဲ့ မလာရောက်ခြင်းက    မပြေလည်မှုများ ဆက်လက်ရှိနေဆဲ ဖြစ် ကြောင်း မြင်သာစေနိုင်သည်။

အလွတ်သဘော အစည်းအ ဝေးက ဆုံးဖြတ်ချက်ဟူ၍ မရှိခဲ့သော်လည်း သဘောထားစုစည်း ချက်ဟူ၍ ထားရှိခဲ့သည်။ ထို့ပြင်ငြိမ်းချမ်းရေးဆွေးနွေးမှု တစ်ဆို့မှုများကို ကျော်လွှားနိုင်ရန် နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက် ရေး အစိုးရအစုအဖွဲ့က အဆိုပြုခဲ့ သည်။ 

အစိုးရအစုအဖွဲ့၏ အဆိုပြုချက်များတွင် NCA အဓိပ္ပာယ်ဖွင့် ဆိုရေး ဆိုင်ရာကိစ္စ၊ ဖက်ဒရယ် အခြေခံမူများ ရယူရေးဆောင်ရွက် ရန်ကိစ္စ၊ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီနှင့် ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲ များ ကျင်းပနိုင်ရေးကိစ္စနှင့်  အပစ်ရပ်နယ်မြေများအတွင်း ဒေသအလိုက် ဖွံ့ဖြိုးရေးဆောင်ရွက်ရန် ကိစ္စတို့ပါဝင်ကြောင်း ပအိုဝ်းအဖွဲ့(PNLO) ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

‘‘အများကြီးပဲ အပြုသဘောဆောင်တဲ့ အဆိုပြုချက်တွေ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ လည်း မိမိတို့ အဖွဲ့အစည်းကို ပြန်လည်ညှိနှိုင်း ဆွေးနွေးပြီး အကြောင်းပြန်မှာ ဖြစ်ပါတယ်’’ဟု ၎င်းကဆို သည်။

ဆွေးနွေးဖက်များ အချင်းချင်းကွဲသွားသည့် အနေအထား မျိုး မလိုချင်ကြောင်းလည်း အစိုးရကိုယ်စားလှယ်က ပြောကြားသည်။ တစ်ဆို့နေသည့် အချက်များကို လာမည့် အစည်းအဝေးများတွင် အသေးစိတ်ဆွေးနွေး၍ ကျော်ဖြတ်နိုင်ရေး ပြင်ဆင်ပေးရန်အစိုးရ ကိုယ်စားလှယ်ကမေတ္တာရပ်ခံခဲ့သည်။

ထို့ပြင် ဆွေးနွေးညှိနှိုင်းမှုဖြစ် စဉ်ကို နှောင့်နှေးကြန့်ကြာအောင် အချိန်ဆွဲခြင်း၊  ရပ်ဆိုင်းခြင်းတို့ကို ဆွေးနွေးဖက်အားလုံးက ရှောင်ရှားရန်လည်း အစိုးရကိုယ်စားလှယ်က တိုက်တွန်းသည်။

တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများဘက်ကမူ အလွတ်သဘော အစည်းအဝေး သည် အပြုသဘောဆောင်သည့် ရလဒ်များ ရရှိခဲ့ရုံသာမက ဆွေးနွေးဖော် ဆွေးနွေးဖက်များအကြားနားလည်မှု ပိုမိုရရှိခဲ့ပြီး ကျဆင်းနေသည့် ယုံကြည်မှု၊ ရင်းနှီးမှုများကို ပြန်လည်မြှင့်တင်နိုင်ခဲ့သည်ဟုဗိုလ်မှူးကြီးစိုင်းငင်းကပြောသည်။

အလွတ်သဘော အစည်းအဝေးတွင် အစိုးရဘက်က အဆိုပြု ချက် လေးသွယ်အတွက် သဘောထားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ပြန်လည်သယ် ဆောင်သွားပြီ ဖြစ်သည်။ ဇူလိုင်လအတွင်း ပြန်လည်တွေ့ဆုံရန် လည်း အစိုးရက ထပ်မံအဆိုပြုထားသည်။

အလွတ်သဘော ဆွေးနွေးပွဲများ ပြုလုပ်ခြင်းသည် ကောင်းသည့်လုပ်ဆောင်ချက် တစ်ခုဖြစ်၍ အပြုသဘောဆောင်သည့် သဘောထားများ ပွင့်ပွင့်လင်းလင်း ပြောဆိုရန် လိုကြောင်း UPDJC  နိုင်ငံရေးပါတီ အစုအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က မှတ်ချက်ပြုသည်။

 ‘‘အဓိက ခြုံပြီးပြောရရင် တော့ ဘက်နှစ်ဖက်မှာ တစ်ဖက်က စဉ်းစားတာတော့ သိပ်မမျှတဘူး။ တန်းတူ ညီတူ မရှိဘူးဆိုတဲ့ အချက်အလက်အပေါ် အခြေခံပြီးတော့ ပြန်လည်သုံးသပ်ရင်း ပြန်လည်သုံးသပ်ရင်းနဲ့ ဘယ်အချက်ကို ပြင်သင့်တယ်။ မူဘောင်ကအစ ဘယ်လိုပြင်မယ်။ နားလည်မှု လွဲနေတဲ့ဟာကို ဘယ်လိုလုပ်မယ် ဆိုတာမျိုးနဲ့ပဲ အချိန်ကြာမှာမျိုး ထပ်မဖြစ်ဖို့ လိုတယ်’’ဟု ၎င်းက ဆိုသည်။ မည်သို့ပင်ဆိုစေ UPDJCအတွင်းရေးမှူးအဖွဲ့၏ အလွတ်သဘော တွေ့ဆုံမှုသည် ငြိမ်းချမ်းရေးတွင် ပါဝင်ပတ်သက်နေသည့် အစုအဖွဲ့အသီးသီးက ဆွေးနွေးမှုများ ပြန်လည်စတင်ရန် လိုလားနေကြောင်း ပေါ်လွင်စေခဲ့သည်။ 

No comments:

Post a Comment