Wednesday, June 19, 2019

ထားဝယ်လေယာဉ်ကွင်း ချုံရှင်းလင်းခြင်းလုပ်ငန်းအပေါ် ဒေါက်တာလဲ့လဲ့မော်၏ ရှေ့နေများ တင်ပြချက်နှင့် အဂတိကော်မရှင် ထုတ်ပြန်ချက်ကွဲလွဲ ဒုတိယအကြိမ် အာမခံထပ်မံလျှောက်ထားမှု ဇွန်လ ၂၄ ရက်တွင် အမိန့်ချမည်

 ထားဝယ်လေယာဉ် ကွင်း ချုံရှင်းလင်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ဒေါက်တာလဲ့လဲ့မော် ဘက်က တင်ပြသည့် သက်သေခံ စာရွက်စာတမ်း တင်ပြချက်များ နှင့် အဂတိကော်မရှင် ထုတ်ပြန် ချက်များ ကွဲလွဲနေသည်။ အဂတိမှုဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူသုံးဦးကို ဇွန်လ ၁၇ ရက်က တိုင်းတရားလွှတ်တော် တွင် ရုံးထုတ်စစ်ဆေးခဲ့သည်။ ရုံးချိန်းတွင် အမှုနှင့် ပတ်သက်၍ တရားလိုပြသက်သေဖြစ်သည့် တနင်္သာရီတိုင်း စာရင်းစစ်ချုပ် ဦးသိန်းထွန်းကို နှစ်ဖက်ရှေ့နေ များက စစ်မေးခဲ့သည်။

အဂတိကော်မရှင်ထုတ်ပြန်ချက်
၂၀၁၆ နိုဝင်ဘာက ထားဝယ်တက္ကသိုလ်ဝင်းအတွင်း ချုံနွယ်ရှင်းလင်းရန်နှင့် ထားဝယ်လေ ယာဉ်ကွင်းအပြင်ဘက် ချုံရှင်း လင်းရန် တိုင်းအစိုးရအဖွဲ့သည် ထိုက်သင့် သော တန်ဖိုးမပေးဘဲ F22 ကုမ္ပဏီကို တာဝန်ပေးဆောင် ရွက်စေခဲ့ကြောင်း မတ်လ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။ ထို့နောက် ၂၀၁၆ ဒီဇင်ဘာ ၁၅ ရက် တွင် တင်ဒါခေါ်ယူခြင်း၊ အစိုးရ အဖွဲ့ အစည်းအဝေး၌ အတည်ပြု ဆုံးဖြတ်ခြင်းတို့မရှိဘဲ လေယာဉ် ကွင်း ချုံရှင်းလင်းခြင်း လုပ်ငန်း တစ်ခုတည်းကို ခွင့်ပြုငွေ ကျပ် သိန်း ၄,၀၀၀ ဖြင့် ဝန်ကြီးချုပ် ရာထူးတာဝန်ကို အလွဲသုံး၍ F22 ကုမ္ပဏီကို တိုက်ရိုက်ဆောင်ရွက် စေခဲ့ကြောင်း ဖော်ပြထားသည်။

ဒေါက်တာလဲ့လဲ့မော် အကျိုးဆောင်ရှေ့နေများတင်ပြချက်
၂၀၁၆-၁၇ ဘဏ္ဍာနှစ် အ ထွေထွေပိုလျှံရန်ပုံငွေများမှ ရန်ပုံ ငွေလွှဲပြောင်းကျခံသုံးစွဲသည့် လေ ဆိပ်ပြုပြင်ခြင်း၊ အုတ်ခြံစည်းရိုး ခတ်ခြင်း၊ ချုံရှင်းခြင်းနှင့် အခြားလုပ်ငန်းပေါင်းများစွာ ဆောင် ရွက်ရန် တိုင်းအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ခွင့်ပြုခဲ့ ခြင်းဖြစ်ကြောင်း တရားရုံးသို့ တင်ပြထားသည်။ ထို့ကြောင့် ဒေါက် တာလဲ့လဲ့မော် တစ်ဦးတည်း၏ ဆုံးဖြတ်ချက်မဟုတ်ဘဲ တိုင်း အစိုးရအဖွဲ့ အစည်းအဝေးဆုံး ဖြတ်ချက်ဖြင့်  ဆောင်ရွက်ခဲ့ ကြောင်း  တိုင်းစာရင်းစစ်ချုပ်က သိပါသလားဟု ဒေါက်တာလဲ့လဲ့ မော်၏ အကျိုးဆောင်ရှေ့နေများ ကမေးရာ စာရင်းစစ်ချုပ်က မသိ ပါဟု ဖြေသည်။

သို့သော် ဒေါက်တာလဲ့လဲ့ မော်ကမူ ၎င်းအနေဖြင့် ထားဝယ် လေယာဉ်ကွင်း ချုံရှင်းလင်းရန် F22 ကုမ္ပဏီကို တင်ဒါခေါ်ယူခြင်း မရှိဘဲ အခွင့်အရေးပေးခြင်းသည် ယင်းကုမ္ပဏီက တိုင်းအစိုးရအဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ကြောင့်ဖြစ်ကြောင်း သတင်းမီဒီ ယာများအား ဖြေကြားထားသည်။

ထို့အပြင် ဒေါက်တာလဲ့လဲ့ မော်သည် ၂၀၁၈-၁၉ မီနီဘတ် ဂျက် တိုင်းလမ်းဦးစီးဌာန လုပ်ငန်း၁၁ ခုအတွက် ကျပ် ၁ ဒသမ ၉ ဘီလီယံ သုံးစွဲခွင့်ပြုခြင်းမှာလည်း ၎င်းတစ်ဦးတည်း၏ သဘောဆန္ဒ အရမဟုတ်ဘဲ အစိုးရအဖွဲ့ အ စည်းအဝေးဆုံးဖြတ်ချက်အရ အများသဘောတူဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါက်တာလဲ့လဲ့မော် ၏ အကျိုးဆောင်ရှေ့နေများက တင်ပြသည်။

ယင်းသို့ တိုင်းအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း တိုင်းစာ ရင်းစစ်ချုပ်က သိပါသလားဟု မေးမြန်းရာ ယခုသက်သေခံတင် သွင်းထားသည့် စာရွက်ပြသသည့် အချိန်မှသာ သိရကြောင်း ပြန်ဖြေ သည်။

လက်ရှိတွင် တိုင်းလမ်းဦးစီး ဌာနက လုပ်ဆောင်သည့် လုပ်ငန်း၁၁ ခု ပြီးစီးခြင်းမရှိသဖြင့် စာရင်းစစ်ဆေးနိုင်ခြင်းမရှိသေးကြောင်း တိုင်းစာရင်းစစ်ချုပ်က ဆိုသည်။

ထို့နောက် ဒေါက်တာလဲ့လဲ့ မော်၏ အကျိုးဆောင်ရှေ့နေများ က ဒေါက်တာလဲ့လဲ့မော်ကို အမှုနှင့် ပတ်သက်၍ ကျန်းမာရေး အာမခံပေးရန် ဒုတိယအကြိမ် လျှောက်လဲချက်ပေးသည်။ ဒေါက်တာလဲ့လဲ့မော်သည် အ ကျဉ်းထောင်အတွင်း ချော်လဲခဲ့ရာ ယခင်ခြေသလုံးအရိုးနှင့် ခြေဖမိုး ထက်ပိုင်းကျိုးခဲ့သဖြင့် စတီးအရိုး အစားထိုးထားသည့် ခြေထောက် ကို ထပ်မံထိခိုက်ခဲ့သဖြင့် ပြန် လည်စစ်ဆေးရန် လိုအပ်ခြင်း၊ လက်ရှိတွင် ကင်ဆာရောဂါအ တွက် ဆေးကုသမှုခံယူရန် လိုအပ်နေခြင်းတို့ကြောင့် အာမခံပေးရန် လျှောက်လဲခဲ့ခြင်းဖြစ်သည်ဟု တိုင်းတရားလွှတ်တော် တရားရေးဦးစီးမှူး ဒေါ်သန်းသန်းအေးက ဆိုသည်။

သို့သော် တရားလိုအစိုးရ ရှေ့နေများကမူ ဒေါက်တာလဲ့လဲ့ မော်အပေါ် တရားစွဲဆိုထားသည့် အမှုများသည် အာမခံပေး၍မရ သည့် ပုဒ်မများဖြစ်သဖြင့် အဆိုပါ အာမခံလျှောက်ထားမှုအပေါ် ကန့်ကွက်ကြောင်း လျှောက်လဲချက်ပေးခဲ့သည်ဟု ၎င်းက ဆိုသည်။

ယင်းသို့ ဒေါက်တာလဲ့လဲ့ မော်က ဒုတိယအကြိမ် ကျန်းမာ ရေးအာမခံထပ်မံလျှောက်ထားမှု အပေါ် အာမခံပေးမည်၊ မပေး မည်ကို တရားသူကြီးက ဇွန်လ ၂၄ ရက် ရုံးချိန်းတွင် အမိန့်ချမည် ဖြစ်သည်။

ယင်းရုံးချိန်းတွင် တရားလို ပြသက်သေအဖြစ် တိုင်းရသုံးမှန်း ခြေ ငွေစာရင်းဌာန ဦးစီးမှူးကို စစ်ဆေးမည်ဖြစ်သည်။ ယမန်နေ့ ရုံးချိန်းတွင် ဒေါက်တာလဲ့လဲ့မော် သည် ခြေထောက်တစ်ဖက် ထော့ နင်းထော့နင်းဖြင့် လာရောက်ခဲ့ပြီး တရားခွင်အတွင်း ခြေတစ်ဖက်ကို ခုံပုတစ်လုံးပေါ် တင်ထားသည်ကို တွေ့ရသည်။ ဒေါက်တာလဲ့လဲ့ မော် နံဘေးတွင် ရဲမေနှစ်ဦးစောင့် ကြပ်လိုက်ပါလာသော်လည်း ယမန်နေ့ရုံးချိန်းသည် အခြားအမှု များကဲ့သို့ ပုံမှန်လုံခြုံရေးသာရှိခဲ့ သည်။ ဒေါက်တာလဲ့လဲ့မော် အပါ အဝင် GGS ကုမ္ပဏီ ထိပ်တန်း တာဝန်ရှိသူသုံးဦးကို အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုလေးမှုဖြင့် တနင်္သာရီတိုင်း တရားလွှတ်တော်၌ တရားစွဲဆို ထားပြီး လက်ရှိတွင် ၎င်းတို့ကို ထားဝယ်အကျဉ်းထောင်အတွင်း ထိန်းသိမ်းထားသည်။

No comments:

Post a Comment