Monday, May 6, 2019

သာကေတ ၃/ရန်ပြေ အုပ်မှူးအားတာဝန်မှ အပြီးရပ်စဲခဲ့ခြင်းဖြစ်ဟုဆို

သာကေတမြို့နယ် ၃/ရန်ပြေရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝ င်းကြိုင်ကို တာဝန်မှယာယီရပ်စဲခြင်းမဟုတ်ကြောင်း၊ တာဝန်မှအပြီးရပ်စဲခဲ့ ခြင်းသာဖြစ်ကြောင်း သာကေတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်က ပြောကြားသည်။ သာကေတမြို့နယ် ၃/ရန်ပြေရပ်ကွက်မှ ဦးဝင်းကြိုင်ကို မည်သည့်အတွက်ကြောင့် တာဝန်မှရပ်စဲလိုက်ခြင်းအပေါ် မေ ၅ ရက် ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ တွေ့ဆုံစဉ် မေးမြန်းခြင်းအပေါ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။



''၃/ရန်ပြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်ကိစ္စနဲ့ပတ်သက်ပြီး ပြောရရင် ကျွန်တော်တို့ ၃-၄-၂၀၁၉ ည ၁၂ နာရီခန့်က ရန်ပြေရပ်ကွက်မှာရှိတဲ့ အလက (၆) အုတ်တံတိုင်း ဖြိုချဖျက်ဆီးမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ၃/ ရန်ပြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်ဟာတာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်မှု မှန်ကန်ခဲ့တာကြောင့် အုပ်ချုပ်ရေးမှူးတာဝန်ကလုံးဝရပ်စဲခဲ့ခြင်းဖြစ်ပါတယ်။ ရပ်စဲခဲ့တာကတော့ ၁-၅-၂၀၁၉ညနေပိုင်းက စပြီးတော့ တာဝန်ကနေ ရပ်စဲခဲ့ခြင်းဖြစ်ပါတယ်။တချို့မီဒီယာတွေမှာ ရေးသားမှုတွေက တာဝန်မှယာယီရပ်စဲခဲ့တယ်လို့ တချို့ရေးသားကြတာတွေ့ရပါတယ်။ ဒါက မဟုတ်ပါဘူးခင်ဗျာ။ ယာယီရပ်စဲခဲ့တာ မဟုတ်ပါဘူး။ တာဝန်မှ ရပ်စဲခဲ့ခြင်းသာဖြစ်ပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်းအပြင် ''သူ့ရဲ့နေရာမှာ ယခင် အုပ်ချုပ်ရေးမှူးရွေးခဲ့စဉ်က ဒုတိ ယမဲအများဆုံးရရှိခဲ့တဲ့ ဦးသိန်းဇံကို ယာယီအုပ်ချုပ်ရေးမှူး တာဝန်ကို ပေးအပ်ခဲ့ခြင်းသာဖြစ်ပါတယ်။ ဦးဝင်းကြိုင်ကိုတော့ကျွန်တော်တို့ တာဝန်မှ ရပ်စဲခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ကျွန်တော့်အနေနဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ်တစ်ယောက် ရွေးချယ်သွားပြီး တာဝန်ပေးအပ်သွားမှာဖြစ်ပါတယ်။ ဦးဝင်းကြိုင်ကိစ္စကို အလက (၆) ပညာရေးဌာနကနေပြီးတော့ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ ဒီတရားစွဲတဲ့ကိစ္စနဲ့ပတ်သက်လို့ကတော့ သက်ဆိုင်ရာပညာရေးဌာနရဲ့ဆောင်ရွက်ချက်သာဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ကတော့သီးခြားမှတ်ချက်မပေးလိုပါဘူး''ဟု ပြောကြားခဲ့သည်။

''ကျွန်တော့်အနေနဲ့ ဆောင်ရွက်ခဲ့ တာကတော့ တိုင်းဒေသကြီးအစိုး ရအဖွဲ့ရဲ့ ညွှန်ကြားချက်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်၊ ရပ်ကွက်အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီသာ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါတယ်''ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်က မေးမြန်းမှုအပေါ် ရှင်းလင်းပြောကြားခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မေ ၄ ရက် ညနေ ၃ နာရီတွင် ၃/ ရန်ပြေရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်ကိုပြန်လည်ခန့်အပ်ပေးရန် ရပ်ကွက်နေပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

No comments:

Post a Comment