Monday, May 6, 2019

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံလိုကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးပြော

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် မည့်သည့်စည်းကမ်းသတ်မှတ်ချက်မှမပါဘဲ တွေ့ဆုံဆွေးနွေးလိုသည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကမ်းလှမ်းစကားပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။ ဂျပန်သတင်းစာ ဆန်ကိုင်းရှင်ဘွန်း၏ မေးမြန်းမှုကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဖြေကြားရာတွင် “မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ကျွန်တော်ဘယ်လိုစည်းကမ်းသတ်မှတ်ချက်မျိုးမှ မပါဘဲ တွေ့ဆုံလိုပါတယ်။ ပွင့်ပွင့်လင်းလင်း စကားပြောလိုပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံအကြားရှိနေတဲ့ မယုံကြည်မှုဆိုတဲ့ ဥခွံကြီးကို မိမိတို့အချင်းချင်း မျက်နှာချင်းဆိုင်မှုမရှိဘဲ ချိုးဖျက်ပစ်လို့ မရနိုင်ပါဘူး”ဟု ပြောကြားလိုက်ခြင်း ဖြစ်သည်။



ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် တင်းမာသော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလေ့ရှိသော်လည်း မကြာသေးခင်အချိန်က မြောက်ကိုရီးယားနှင့် ပတ်သက်၍ ပျော့ပျောင်းသော ပြောကြားမှုများ ရှိလာခဲ့ပြီး မြောက်ကိုရီးယားက ပြန်ပေးဆွဲထားသည့် ဂျပန်နိုင်ငံသားများအရေးနှင့် ပတ်သက်၍ ကင်ဂျုံအန်းနှင့် တွေ့ဆုံလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယား ထောက်လှမ်းရေးက ၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များတွင် ဂျပန်စကားသင်ကြားရန် ရည်ရွယ်ချက်ဖြင့် ဂျပန်နိုင်ငံသားများကို ဖမ်းဆီးထားကြောင်း ဂျပန်အစိုးရက ပြောကြားထားသည်။

ယင်းပြောကြားချက်ကို မြောက်ကိုရီးယားက နှစ်ပေါင်းများစွာ ငြင်းဆိုခဲ့သော်လည်း ၂၀၀၂ ခုနှစ်က ဂျပန်နိုင်ငံသားများကို ဖမ်းဆီးထားကြောင်း ဝန်ခံပြောကြားခဲ့သည်။

မြောက်ကိုရီးယားက ဂျပန်နိုင်ငံသား ၁၃ ဦးကို ဖမ်းဆီးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ ငါးဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပြီး ကျန်ရှစ်ဦးမှာ သေဆုံးသွားပြီဖြစ်ကြောင်း ၂၀၀၂ ခုနှစ်က ဝန်ခံပြောကြားခဲ့သည်။

သို့သော် ယင်းအရေးကိစ္စနှင့် ပတ်သက်၍ တက်ကြွလှုပ်ရှားသူများက ပျောက်ဆုံးသွားသည့် ဂျပန်လူမျိုး ၄၇၀ ထိ ရှိပြီး ၎င်းတို့မှာ မြောက်ကိုရီးယားနှင့် အဆက်အစပ်ရှိကြောင်း ယူဆထားကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

No comments:

Post a Comment