Monday, May 6, 2019

ကျောက်စိမ်းအရိုင်းတုံး ဆိုဒ်စုံ ၁၀၀ တုံး ဖမ်းဆီးရမိမှု မိုးညှင်းမြို့ ကျောက်စိမ်းတူးဖော်ရေးဌာနမှ တာဝန်ရှိသူများအားအမှုဖွင့်စုံစမ်း

မိုးညှင်းမြို့နယ် နန့်ပုတ်ကျေိးရွာအနီး မိုးညှင်းမြို့ရှောင်လမ်း၌ ရပ်တန့်ထားသည့် မော်တော်ယာဉ် ၁၇ စီး (၁၂ ဘီးယာဉ် ၁၅၊ တွဲယာဉ် ၂)တို့အား စစ်ဆေးရာ ကျောက်စိမ်းအရိုင်းတုံး ဆိုဒ်စုံ ၁၀၀ တုံးအား မေလ ၂ ရက်က သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းနှင့်ပတ်သက်၍ မိုးညှင်းမြို့ ကျောက်စိမ်းတူးဖော်ရေးဌာနမှ တာဝန်ရှိသူများအားအမှုဖွင့်စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။



စိစစ်ချက်အရ မိုးညှင်းမြို့နယ် နန့်ပုတ်ကျေးရွာနေ ဦးဘသိန်း(ခ)ရန်ဖာရိမ်(၆၃)နှစ် (ဘ)ဦးရန်တာချမ်းမှ ဟိုပင်မြို့ မြို့မမြောက်ရပ်ကွက်နေ ဦးအောင်ကျော်မိုး(စိစစ်ဆဲ)ထံသို့ ၂၀၁၈ မေလ ၂၀ ရက်နေ့တွင် ကျပ် ၄၀၀ သိန်းဖြင့် တရားမဝင် ရောင်းချခဲ့ကြောင်း၊ ဦးအောင်ကျော်မိုးမှ ဖားကန့် မြို့နယ် ဆိုင်းဂျာဘွမ်ကျေးရွာနေ ဒေါ်ပျော်မေ(ခ)ဒေါ်နိုင်နိုင်စိုး(စိစစ်ဆဲ)အား ကျောက်စိမ်း ၁ တန်လျှင် ကျပ် ၈ သိန်းနှုန်းဖြင့် နေပြည်တော်သို့ တရားမဝင် ပို့ဆောင်ပေးရန်နှင့် ရုံးဌာနများဖြင့် ဆက်သွယ်ဆောင်ရွက်ပေးရန် ငှားရမ်းခဲ့ကြောင်း၊ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အတူ ဦးအောင်ကျော်မိုးနှင့် ဒေါ်ပျော်မေ(ခ)ဒေါ်နိုင်နိုင်စိုး တို့ ၂ ဦးသည် ကျောက်စိမ်းများအား နေပြည်တော်သို့ သယ်ဆောင်နိုင်ရန် ကျောက်စိမ်းစွမ်းအား ကုမ္ပဏီပိုင်ရှင် ဦးအက်စ်လနောင်(စိစစ်ဆဲ)၏ နမ္မချီမှော်လုပ်ကွက်မှ ထွက်ရှိသည့် ကျောက်စိမ်းများအဖြစ် ၎င်းကုမ္ပဏီ ကိုယ်စားလှယ် ဦးယိမ်းဘောမ်(စိစစ်ဆဲ) ကန်တော်ကုန်းရပ်၊ မိုးညှင်းမြို့နေသူနှင့် ချိတ်ဆက်၍ ကျောက်စိမ်းတူးဖော်ရေးဌာန မိုးညှင်းမြို့သို့ အမည်ခံတင်ပြခဲ့ပြီး ကျောက်စိမ်းအရိုင်း ၁ တန်လျှင် ၃၅၀, ၀၀၀ ကျပ်နှုန်းဖြင့် တရားဝင်အခွန် ပေးဆောင်ခဲ့ကြောင်း၊ ကျောက်စိမ်းတူးဖော်ရေးဌာန (မိုးညှင်း)မှ ဟိုပင်မြို့သို့ သွားရောက်၍ တန်ချိန်/ရာဖြတ်ခြင်းများအား လိမ်လည်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကျောက်စိမ်းများအား နမ္မချီမှော်မှ နေပြည်တော်သို့ သယ်ဆောင်ရန် နိုင်ငံတော်တင်ပြခွင့်ပြုချက် ရရှိခဲ့ သော်လည်း ကျောက်စိမ်းရိုင်းတုံးများအား ဟိုပင်မြို့ မြဇေယျာရပ်ကွက် ခြံအမှတ်(၅/×××)သို့ သယ်ဆောင် ခဲ့ကြောင်း သိရှိရ၍ ဦးဘသိန်း(ခ)ရန်ဖာရိမ်၊ ဦးအောင်ကျော်မိုး၊ ဒေါ်ပျော်မေ(ခ) နိုင်နိုင်စိုး၊ ဦးယိမ်းဘောမ် တို့ ၄ ဦး(ဖမ်းမမိ)နှင့် မိုးညှင်းမြို့ ကျောက်စိမ်းတူးဖော်ရေးဌာနမှ တာဝန်ရှိသူများအား မိုးညှင်းမြို့မ ရဲစခန်း(ပ)၉၃/၂၀၁၉၊ ကျောက်မျက်ဥပဒေပုဒ်မ ၅၁(က)/၄၈(ခ) ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment