Monday, May 6, 2019

တရားမ၀င်စက်သုံးဆီအရောင်းဆိုင်များ မန္တလေးတွင် ပြင်းထန်စွာအရေးယူမည်

မန္တလေး-မတ္တရာလမ်းရှိ တရားမဝင်ဖွင့်လှစ်လုပ်ကိုင်နေသော စက်သုံးဆီအရောင်းဆိုင်များကို မီးဘေးအန္တရာယ်ကာကွယ်နိုင်ရန်နှင့် နိုင်ငံတော် အခွန်ငွေ မနစ်နာစေရန်အလို့ဌာ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင် ဖြန့်ဖြူးရောင်းချရေး ဥပဒေပုဒ်မ (၃၇)အရ ပြင်းထန်ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။



"မန္တလေး- မတ္တရာတိုးဂိတ်နားမှာရှိတဲ့ လမ်းဘေးဝဲ၊ ယာအတွင်းဝင်ရောက်ကျုးကျော်နေထိုင်ရောင်းချနေတဲ့ စက်သုံးဆီဆိုင်တွေကို မန္တလေးခရိုင် လမ်းဦးစီးဌာနက လမ်းမကြီးများဥပဒေအရ တရားစွဲဆိုထားတယ်။ ကျန်ရှိနေတဲ့ဆိုင်တွေကိုလည်း ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင် ဖြန့်ဖြူးရောင်းချရေး ဥပဒေပုဒ်မ(၃၇)အရ ပြင်းထန်ထိရောက်စွာ အရေးယူမှုပြုလုပ်နိုင်ရေး ဆောင်ရွက်နေပါတယ်။"ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောကြားခဲ့သည်။

မန္တလေး-မတ္တရာကားလမ်းမဘေးရှိ ကျုးကျော်ဆီဆိုင်များရှင်းလင်းဖယ်ရှားပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသည့်ကိစ္စနှင့် စပ်လျဉ်းသည့် မေးခွန်းကို ယနေ့မေ (၆) မနက်ကကျင်းပသည့် ဒုတိယအကြိမ်မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (အဌမနေ့) တွင် မတ္တရာမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမင်းမင်း၏ မေးမြန်းမှုအပေါ် ယင်းကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

"မန္တလေး-မတ္တရာ တိုးဂိတ်လမ်းဘေးက ဒီဆိုင်တွေက ခေတ်အဆက်ဆက် ရောင်းချလာတာယနေ့အထိဖြစ်ပြီး တရားမဝင် ဆီဆိုင်များဖမ်းဆိးတယ် ဆိုသော်လည်း ဘက်ထရီပန့် ဆီဆိုင်သေးသေးလေးတွေကိုသာ ဖမ်းဆီးတွေ့ရပြီး ဒဏ်ငွေ သုံးသိန်း ရိုက်ကြောင်း ကြားသိရပါတယ်။ ဆီဆိုင်ကြီးတွေကိုတော့ တရားမဝင်ဆီဆိုင်အဖြစ် ဝင်ရောက်စစ်ဆေးတာ ဖမ်းဆီးတာ ၊ ထိမ်းသိမ်းတာ မတွေ့ရပါဘူး။ ၂၄ နာရီပတ်လုံး ပိတ်ရက်မရှိ၊ အဖမ်းအဆီး မရှိ လမ်းမကြီးပေါ်မှာ ပေါ်ပေါ်တင်တင် ရောင်းချနေပြီးတော့ လိုင်စင်မဆောင်ရပဲနဲ့။ ကုန်သွယ်လုပ်ငန်းခွင်နဲ့ အမြတ်ခွန်လည်း မဆောင်ရပဲနဲ့ အခွင့်အရေး တစ်ခုရသလိုဖြစ်နေပါတယ်။ တိုင်းပြည်ရဲ့ အခွန်တွေ များစွာနစ်နာနေတာကို တွေ့ရပါတယ်။ ဥပဒေလေးစားလိုက်နာသူနဲ့ မလိုက်နာသူ အခွင့်အရေးများစွာကွာဟနေပါတယ်။ တရားဝင် ဆိုင်တွေက အရည်အသွေးနဲ့ ပစ္စည်းထားသိုမှုက အစ စစ်ဆေးခံရပြီး တရားမဝင်ဆိုင်ကြီးတွေက မည်သူကမှ စစ်ဆေးခြင်းမရှိ၊ အခွန်လည်းရှောင်နေသလို အထူးအခွင့်အရေး ရနေသူလို့ပြောလို့ရပါတယ်။ လမ်းဘေးဆီဆိုင်တွေကို ပိတ်သိမ်းဖို့မလုပ်ပဲနဲ့ အခြားနေရာတွေကို တရားဝင် ပြောင်းရွှေ့ဖွင့်လှစ်ပေးနိုင်ရန် စီစဉ်ပေးဖို့ လွှတ်တော်ဥက္ကဌကြီးမှ တဆင့် တောင်းဆိုမေးမြန်းအပ်ပါတယ်"ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခဲ့သည်။

မန္တလေး- မတ္တရာ လမ်းမဘေး လမ်းဦးစီးဌာနပိုင် လမ်းနယ်နမိတ် ၄/၀ မှ ၅/၇ အထိ လမ်းဘေးဝဲ၊ ယာအတွင်း ဝင်ရောက်ကျုးကျော်နေထိုင်ရောင်းချနေသော စက်သုံးဆီဆိုင်ပေါင်း ၂၆ ဆိုင် ရှိပြီး အဆိုပါ ဆိုင်များဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် မန္တလေးခရိုင် လမ်းဦးစီးဌာနမှ ၂၀၁၈ခုနှစ်၊ စက်တင်ဘာ (၁၈) ရက်က လမ်းမကြီးများဥပဒေအရ တရားစွဲဆိုထားခဲ့သည်။

ယခုနှစ် မတ် (၇) ရက်နေ့ကလည်း ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ (၁၅) ဆိုင်မှာ ဖျက်သိမ်းပြီးဖြစ်ပြီး (၁၁) ဆိုင်သာ ဖျက်သိမ်းရန်ကျန်ရှိနေသဖြင့် လမ်းနယ်နမိတ်အတွင်းမှ အမြန်ဆုံးဖယ်ရှားရေးဆက်လက်ဆောင်ရွက်လျက်ရှကြောင်းသိရသည်။

No comments:

Post a Comment